News

POST TAGGED AS

အိန္ဒိယ

15-Dec-2016

မြန်မာ အိန္ဒိယ
မြန်မာပိုင်နက်အတွင်း အိန္ဒိယဘက်မှ ကျူးကျော်နေထိုင်
ကလေး၊ ဒီဇင်ဘာ  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ရှိ မြန်မာနှင့် အိန္ဒိယနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာတစ်လျှောက်တွင် အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ကျူးကျော်နေထိုင်မှုများ အများအပြား ရှိနေကြောင်း တမူးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် ကပြောကြားသည်။

၂၀၁၂ ခုနှစ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းတာရေးအဖွဲ့များ နယ်စပ်ကျောက်တိုင် ၇၉ မှ ၈၁ အထိ ၆ မိုင်ကျော် တိုင်းတာမှုမှ ရရှိခဲ့သည့် စာရင်းအရ ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လက်ရှိအထိ ကျူးကျော်နေထိုင်မှုများကို ဖယ်ရှားပေးခြင်း မရှိကြောင်း၊ မြန်မာဘက်ခြမ်းသို့ ၁၇ ပေ မီတာကျော် ကျူးကျော်ထားကြောင်း နှစ်နိုင်ငံ နယ်စပ်အကြား မကျူးကျော်ရ နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေရာတွင် အိန္ဒိယနိုင်ငံဘက်မှ အဆောက်အအုံများ ဆောက်လုပ်ထားကြောင်း၊ သတ်မှတ်ထားသည့် မြေနေရာမှ မြန်မာဘက်ခြမ်းသို့ ပေ ၁၀၀ ကျော်အထိ ကျူးကျော်နေထိုင် နေကြောင်း ၎င်းက ပြောဆိုသည်။ 

မိုးရေးမြို့ ဂေါ်ဘာဂျန်ရွာရှိ အိမ် ၅ လုံးမှာ အဆောက်အအုံ မဆောက်ရဇုန်တွင် ရောက်ရှိကာ နေထိုင်နေကြောင်း၊  ဘုရားရှိခိုးကျောင်း တစ်ကျောင်းနှင့် နေအိမ်သုံးလုံးမှာ နယ်စပ်မျဉ်းပေါ်ခွကာ  ဆောက်လုပ်ထားကြောင်း၊ အိမ် ၄ လေးလုံးမှာ  မြန်မာနိုင်ငံထဲသို့ ရောက်ရှိကာ တည်ဆောက်ထားပြီး ခြံစည်းရိုးများသည် မြန်မာနိုင်ငံအတွင်း ၁၇ ပေထိ ရောက်ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

“ခြံစည်းရိုးတွေ ခတ်ထားပြီး သူတို့ ဘက်က တံခါးတွေကို ဖွင့်လို့ရပြီး ဝင်ထွက်မယ်ဆို ရတယ်၊ ကျွန်တော်တို့ဘက်က ဝင်ထွက်မယ်ဆို မရဘူး၊ နယ်စပ်မှာက ကျွန်တော့်ဘက်မှာ အားနည်းချက်တွေ အများကြီးရှိတယ်” ဟု  ၎င်းက ပြောဆိုသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၅ ရက် မြောက် ဒီဇင်ဘာ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်တွင် တမူးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က အိန္ဒိယအစိုးရက နှစ်နိုင်ငံ သဘောတူညီမှုပါ စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ ဆောက်လုပ်ထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်စည်းရိုး အစိတ်အပိုင်းများ ဖျက်သိမ်းဖယ်ရှားနိုင်ရေး အိန္ဒိယအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ ဆိုသည့် မေးခွန်း မေးမြန်းခဲ့သည်။ 

ယင်းမေးမြန်းမှုကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယသို့ သွားရောက်စဉ်က နယ်စပ်ကိစ္စ ဆွေးနွေးခဲ့ကြောင်း လွှတ်တော်အတွင်း ဖြေကြားခဲ့သည်။

R-20



FOLLOW US