News

POST TAGGED AS

အိန္ဒိယ

29-Nov-2016

အိန္ဒိယ
အိန္ဒိယ၏ လူသုံးများသော ငွေစက္ကူများ ဖျက်သိမ်းခံရမှုအပေါ် မကျေနပ်သည့် အတိုက်အခံတို့ ဆန္ဒပြရန် ပြင်ဆင်
နယူးဒေလီ၊ နိုဝင်ဘာ ၂၈

အိန္ဒိယနိုင်ငံအတွက် အလွန်အရေးပါသည့် ငွေစက္ကူနှစ်မျိုးကို အစိုးရက ပယ်ဖျက်ခဲ့မှုအပေါ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှု ပြုလုပ်မည်ဖြစ်ရာ ပြည်သူထောင်ပေါင်းများစွာ ပူးပေါင်းပါဝင်မည် ဖြစ်သည်ဟု အိန္ဒိယ အတိုက်အခံပါတီများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အိန္ဒိယ အစိုးရသည် ယခုနိုဝင်ဘာလ အစောပိုင်းတွင် ရူပီးငွေစက္ကူ ၅၀၀ နှင့် ၁၀၀၀ တန်တို့ကို ညတွင်းချင်း ပယ်ဖျက်ကြောင်း ကြေညာခဲ့ရာ ပြည်သူများအကြား အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။ 

ပယ်ဖျက်လိုက်သော ငွေစက္ကူများကို ရက်ပေါင်း ၅၀ အတွင်း လဲလှယ်ရန် ဘဏ်အသီးသီးသို့ သွားရောက်ကာ တန်းစီစောင့်ဆိုင်းကြရာမှ မကျေမနပ်ဖြစ်ကာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။ 
    
အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းသည့် ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက အဂတိလိုက်စားမှု တိုက်ဖျက်ရန် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်ဟု ဆိုကာ ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသည်။

သို့သော် အိန္ဒိယ အတိုက်အခံပါတီများက ယင်းလုပ်ဆောင်ချက်သည် ထိရောက်မှုမရှိဘဲ ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။ 

သို့အတွက်ကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အတိုက်အခံတို့က ပါလီမန် လွှတ်တော်အစည်းအဝေးများကို ရပ်ဆိုင်းပစ်ကာ ဝန်ကြီးချုပ်မိုဒီ အနေနှင့် ယင်းငွေစက္ကူဆိုင်ရာ ဆုံးဖြတ်ချက်အတွက် ဝန်ချတောင်းပန်ရမည်ဟု တောင်းဆိုခဲ့ကြသည်။ 

အိန္ဒိယအခြေစိုက် နိုင်ငံခြား သတင်းထောက်များ၏ ခန့်မှန်းချက်အရ အတိုက်အခံတို့ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ပြည်သူအမြောက်အမြား ပူးပေါင်းပါဝင်လာနိုင်ခြင်း ရှိ၊ မရှိကို ခန့်မှန်းရ ခက်ခဲနေသေးသည်။ 

အတိုက်အခံပါတီ အများစုကမူ  ၎င်းတို့အနေနှင့် အဆိုပါ အရေးကြီး ငွေစက္ကူနှစ်မျိုး ဖျက်သိမ်းမှု ဆန့်ကျင်ရှုတ်ချရေး ဆန္ဒပြပွဲတွင် ပူးပေါင်းမည်ဟု ဆိုထားသည်။ 

အိန္ဒိယတွင် ငွေလွှဲမှုလုပ်ငန်းစဉ်၏ ၉၀ ရာခိုင်နှုန်းမှာ ငွေစက္ကူများဖြင့်သာ ပြုလုပ်ကြပြီး ပြည်သူအများစုမှာလည်း ဘဏ်စာရင်း ဖွင့်ထားခြင်း မရှိကြပေ။

အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပထမဆုံး အနေနှင့် မိန့်ခွန်းပြောဆိုရာတွင် ဝန်ကြီးချုပ် မိုဒီက ပြည်သူများအနေနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေပြီး ငွေစက္ကူကို အနည်းငယ်မျှသာ အသုံးပြုရန် တိုက်တွန်းသည်။ 

သို့သော် ယခင်ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းက လူသုံးများသော ငွေစက္ကူများကို ပယ်ဖျက်လိုက်ခြင်းသည် အစိုးရ၏ စီမံခန့်ခွဲမှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝေဖန်သည်။ 

ဝန်ကြီးချုပ် မိုဒီကမူ ယင်းကိစ္စသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စီမံချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ရူပီးငွေစက္ကူ ၅၀၀ နှင့် ၁၀၀၀ တန်တို့ကို ဖျက်သိမ်းကြောင်း ကြေညာစဉ် ပြောဆိုခဲ့သည်။   



FOLLOW US