News

POST TAGGED AS

အိန္ဒိယ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် လူဝင်လူထွက် စိစစ်ရေးရုံးများ ထူထောင်ရန် သဘောတူ


မန္တလေး၊ အောက်တိုဘာ ၂၁

 

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များတွင် လူဝင်လူထွက် စိစစ်ရေးရုံးများ ထူထောင်ရန် သဘော တူညီထားကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင် ခရီးသွားစဉ်အပြီး ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

 

နှစ်ဖက် အကျိုးစီးပွားအတွက် ပြည်သူများ အနေဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော အကြောင်းရင်းများဖြင့် ကုန်းလမ်းကြောင်းများမှတစ်ဆင့် လွယ်ကူ ချောမွေ့စွာ ပုံမှန်ဖြတ်သန်း သွားလာနိုင်ရေးအတွက် စိစစ် ဆောင်ရွက်ပေးရမည်ကို နားလည်ကြသည့်အလျောက် နှစ်နိုင်ငံ ဖြတ်သန်းဂိတ်များဖြစ်သည့် တမူး-မိုရေး ဂိတ်နှင့် ရိဒ်-ဇိုခေါဒါရ် ဂိတ်တို့တွင် အဝင်အထွက် စိစစ်ရေး ရုံးများကို ထူထောင်ရန် သဘော တူညီခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ယင်းကဲ့သို့ စိစစ်ရေးရုံးများ ထူထောင်ရန်အတွက်လည်း သံတမန် လမ်းကြောင်းမှတစ်ဆင့် အသေးစိတ် ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ထပ်မံ ဖော်ပြသည်။

 

“လက်ရှိတော့ အိန္ဒိယဘက်ကနေ မြန်မာဘက်ကို ဝင်ဖို့ ၁ဝ ရူပီးပေးပြီး တရားဝင် လာရောက်လို့ ရတယ်။ အဲဒီတော့ သူ့အတွက် လုံခြုံရေး အာမခံချက် ရှိတယ် ပြောရမှာပေါ့။ ကျွန်တော်တို့ဘက်ကကျတော့ ဒီအတိုင်း ဝင်ထွက်လို့ ရတယ်။ ဒါပေမယ့် ဟိုဘက်မှာ ဘာဖြစ်မယ်ဆိုတာ အာမခံချက် မရှိဘူး။ ဖြစ်သွားရင်လည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါမျိုးတွေက ခဏခဏ ကြုံရတယ်။ ဒါကြောင့် အရင်အစိုးရ လက်ထက်ကတည်းက တရားဝင် ဝင်ထွက်ခွင့်ရဖို့ တောင်းဆိုခဲ့ဖူးတယ်”ဟု တမူးဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

 

ထိစပ်နေသော မြန်မာ-အိန္ဒိယ နယ်နိမိတ် အရှည်မှာ ကီလိုမီတာ (၁၄၆ဝ)၊ (၉ဝ၇)မိုင်ခန့် ရှိပြီး ယင်းဒေသတွင် နယ်နိမိတ် မှတ်တိုင် ဘီပီ ၅၉ မှ ဘီပီ ၁၁၂ ထိ (၅၃)တိုင်ရှိကာ ကဘော်ချိုင့်ဝှမ်း ဒေသဖြစ်သော တမူးခရိုင်အတွင်း မပြီးပြတ်သေးသော နေရာ၊ အငြင်းပွား ဒေသအဖြစ် နှစ်နိုင်ငံ သတ်မှတ်ထားသော အငြင်းပွား မှတ်တိုင်များမှာ ဘီပီ ၆၆၊ ၆၇၊ ၇၈၊ ၈၉၊ ၉ဝ၊ ၉၁၊ ၉၂၊ ၉၃၊ ၉၄ တို့ဖြစ်ကြောင်း တမူးခရိုင် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

 

အဆိုပါ အငြင်းပွား မြေနေရာများတွင် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိန္ဒိယဘက်မှ အစိုးရဌာနဆိုင်ရာ အဆောက်အဦ တည်ဆောက်ရန် မြေညှိခြင်းများ ပြုလုပ်လာသဖြင့် မြန်မာဘက်မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

 

ယင်းအပြင် အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား သဘောတူ သတ်မှတ်ထားပြီးဖြစ်သည့် နယ်နိမိတ် မျဉ်းကြောင်းကို အပြန်အလှန် လေးစားကြောင်း ဖော်ပြခဲ့ပြီး ဖြေရှင်းရန် ကျန်ရှိနေသေးသည့် နယ်နိမိတ် တိုင်းတာရေးကိစ္စကို ဆောလျင်စွာ ဖြေရှင်းရန် လိုအပ်သည်ဟုလည်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။




FOLLOW US