News

POST TAGGED AS

အိန္ဒိယ

30-Jun-2018

နယ်စပ်
နယ်စပ်ခြံစည်းရိုး ဖျက်ဆီးခံရမှု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ ကန့်ကွက်စာပို့
ရန်ကုန်၊ ဇွန် ၃၀

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းခြံစည်းရိုး ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ ကန့်ကွက်စာ ပေးပို့ထားပြီး နယ်စပ်စည်းမျဉ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ထားကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ ရဲမှူးကြီးသိန်းဝင်းက ပြောကြားသည်။

“နယ်စပ်စည်းမျဉ်းတစ်လျှောက်မှာ လုံခြုံရေး တင်းကျပ်ထားတယ်။ လုံခြုံရေး စည်းမျဉ်းကို လာဖျက်တာနဲ့ ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို အကြောင်းကြားထားတယ်”ဟု ၎င်းက ရှင်းပြသည်။

မောင်တောမြို့နယ်၊ တောင်ပြို (ယာဘက်) ရဲကင်းစခန်းမြောက်ဘက် ကိုက် ၂၀၀ အကွာ ချောင်းပေါက်ဝအနီး၌ ရေတိုက်စားခြင်းကြောင့် ပေ ၁၈၀ ခန့် ပျက်စီးခဲ့ရာ ယင်းနေရာ၌ ယာယီ အဟန့်အတားအဖြစ် သံဆူးကြိုး၊ သစ်သားတိုင်များဖြင့် ကာရံထားသည့်နေရာသို့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ လူ ၁၂ ဦးခန့်က လာရောက်ဖျက်ဆီးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သတိပေးခြင်းကြောင့် ထွက်ပြေးသွားကြောင်း ရဲမှူးကြီးက ဆက်လက်ပြောဆိုသည်။

ထို့နောက် အဆိုပါ ညနေ ၆ နာရီခန့်၌ ထပ်မံ ရောက်ရှိလာပြီး နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့က သတိပေးသော်လည်း ထွက်ခွာခြင်းမရှိဘဲ ခြံစည်းရိုးတိုင်များကို လွှများဖြင့် ဆက်လက် ဖျက်ဆီးနေခြင်းကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက သေနတ်ဖြင့် ခြောက်လှန့်ပစ် ခတ်ရာမှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာန ချုပ်ထံမှ သိရသည်။

“ခြံစည်းရိုးလေးတိုင် ပျက်စီးသွားတယ်။ လောလောဆယ် အသစ်ပြင်ဆင်ထားတယ်။ ဒါမျိုး ထပ်မဖြစ်အောင် လုံခြုံရေးအင်အားတိုးပြီး လုပ်နေတယ်”ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဖြည့်စွက်ပြောဆိုသည်။

လက်ရှိတွင် မြန်မာဘက်ခြမ်းရှိ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်း ဧရိယာအတွင်း တရားမဝင် ယာယီတဲထိုးနေထိုင်သော ဘင်္ဂါလီ အိမ်ထောင်စုပေါင်း ၇၀၀ ကျော်ရှိနေပြီး ယခုဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်က ခန့်မှန်းထားသည်။

ထို့ကြောင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ် သဘောတူ စာချုပ်အရ နယ်စပ်စည်းမျဉ်းအတွင်း တရားမဝင် နေထိုင်သူများ အမြန်ဆုံး ဖယ်ရှားပေးရန် သတိပေး ဆောင်ရွက်လျက်ရှိသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ဖြစ်စဉ်နောက်ပိုင်း၌ နေရပ်စွန့်ခွာသူများမှာ ယင်းနယ်စပ်စည်းမျဉ်းအတွင်း ဝင်ရောက်နေထိုင်ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် ထောက်ပံ့ပေးထားခြင်းမရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ ကူညီပေးမှုဖြင့် ရပ်တည်နေခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်းမှူးက တုံ့ပြန့်ပြောကြားထားကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ ထပ်မံ သိရသည်။

J-17



FOLLOW US