News

POST TAGGED AS

အိန္ဒိယ

19-Jun-2018

အိန္ဒိယ
ကက်ရှ်မီးယားဒေသတွင် အိန္ဒိယတပ်ဖွဲ့များ စစ်ဆင်ရေးပြန်လည်စတင်


ဒေလီ၊ ဇွန် ၁၈

အိန္ဒိယအုပ်ချုပ်မှုအောက်တွင်ရှိသော ကက်ရှ်မီးယားဒေသတွင် မွတ်ဆလင် ဥပုသ်လဖြစ်သည့်အတွက် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ယခုအခါ အိန္ဒိယအစိုးရတပ်ဖွဲ့များက ခွဲထွက်ရေးသူပုန်များကို ထိုးစစ်ဆင်ရှင်းလင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပါကစ္စတန်နှင့်ထိစပ်နေသော ကက်ရှ်မီးယားဒေသ ခွဲထွက်ရေးကိုလိုလားသည့် ခေါင်းဆောင်များနှင့် အိန္ဒိယအုပ်ချုပ်ရေးကို ဆန့်ကျင်သော သူပုန်အုပ်စုများအဆိုအရ အပစ်အခတ်ရပ်စဲရေးကိစ္စသည် အပေါ်ယံသဘောမျှသာဖြစ်သည်ဟု ဆိုသည်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီး ရာဂျန်ဆင်းက “အကြမ်းဖက်အုပ်စုတွေကို ထိုးစစ်ဆင်ရှင်းလင်းမယ့် စစ်ဆင်ရေးတွေ ပြန်လည်စတင်နေပါပြီ”ဟု Twitter စာမျက်နှာတွင်ရေးသားသည်။ အိန္ဒိယအစိုးရတပ်များသည် မွတ်ဆလင်ဥပုသ်လအတွင်း သူပုန်အုပ်စုများနှိမ်နင်းရေး စစ်ပွဲများကို ယာယီရပ်ဆိုင်းခဲ့သည်။ 

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တာတွေ တစ်ခုမှမလုပ်ဘဲ အေးအေးဆေးဆေးနေပြခဲ့ပေမယ့် အကြမ်းဖက်သမားတွေကတော့ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့တယ်။ အဲတော့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ကြရတာပေါ့”ဟု ဆက်လက်ဖော်ပြသည်။ 

အိန္ဒိယရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ရက်ပေါင်း ၃၀ တာကာလအတွင်း အရပ်သားခြောက်ဦး၊ လုံခြုံရေးအမှုထမ်း ကိုးဦးအပါအဝင် လူဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသည်။ ၎င်းတို့အများစုမှာ အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံကို နယ်နိမိတ်ခွဲခြား သတ်မှတ်ထားသည့်နေရာတွင် သတ်ဖြတ်ခံခဲ့ကြရခြင်းလည်းဖြစ်သည်။ 

ကက်ရှ်မီးယားဒေသ၌ ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သလို ယင်းဒေသအကြောင်း သတင်းလိုက်ရေးသားလေ့ရှိသည့် ဂျာနယ်လစ်တစ်ဦးလည်း ဆရီနာဂါမြို့တွင် ထူးဆန်းစွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဆူနီလ်ဆတ်သီက “စစ်သွေးကြွတွေနဲ့ ပါကစ္စတန်နိုင်ငံဘက်က အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့ သေနတ်သံ မကြားရအောင်နေခဲ့ကြပေမယ့် စစ်သွေးကြွတွေက နေ့တိုင်းလိုလို တိုက်ခိုက်ခဲ့ကြတယ်”ဟု ပြောကြားသည်။ 

ထို့ပြင် ၎င်းက “အပစ်အခတ်ရပ်စဲရေးဟာ အဓိပ္ပာယ်မရှိတော့ဘူး၊ အစိုးရအတွက်လည်း ဆက်ထိန်းထားဖို့ ခက်ခဲလာတယ်၊ လမ်းပေါ်မှာ လူတွေသေကျေ ပျက်စီးနေတဲ့အချိန်မှာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ကျွန်တော်တို့ ဆက်မလုပ်နိုင်တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။  

F-01 

  • VIA


FOLLOW US