News

POST TAGGED AS

အိန္ဒိယ

19-Jun-2018

တမူး အိန္ဒိယ
တမူး-မိုရေးမြို့သို့ ၇ ရက်သက်တမ်းရှိ ဖြတ်သန်းသွားလာခွင့်လက်မှတ် မကြာမီ ထုတ်ပေးမည်
ရန်ကုန် ၊ ဇွန် ၁၈

မြန်မာ - အိန္ဒိယနယ်စပ်မြို့များဖြစ်သော တမူးနှင့် မိုရေးမြို့များသို့ ၆ ည အိပ် ၇ ရက်သွားခွင့်ရှိမည့် ဖြတ်သန်းသွားလာခွင့်လက်မှတ် (Entry Permit) ကို မကြာမီထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက ပြောကြားသည်။

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ယခုနှစ်အတွင်း နောက်ဆုံးသဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး မြန်မာ-အိန္ဒိယနယ်စပ်မြို့များမှတစ်ဆင့် မည်သည့်နယ်မြေအထိ ဝင်ရောက်လည်ပတ်ခွင့်ပြုမည်ကို ပြောကြားခြင်းမရှိပေ။

လက်ရှိတွင် မြန်မာနှင့် အိန္ဒိယနယ်စပ်မြို့များဖြစ်သည့် မိုရေးနှင့် တမူးမြို့၊ မီဇိုရမ်နှင့် ရိခေါ်ရ်ဒါမြို့များသို့ သွားလာနိုင်ရန် အပြန်အလှန် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် နေ့ချင်းပြန် ဝင်ထွက်ခွင့်ပြုထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးနှင့် မြန်မာအစိုးရတို့ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို မေလ ၁၁ ရက်က နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး မိုရေး-တမူး ဝင်ထွက်ပေါက်မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့အထိ အနည်းဆုံးဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် MoU သဘောတူစာချုပ်အရ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း စတင် အသက်ဝင်မည်ဖြစ်ကြောင်း တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောကြားသည်။

“ဝန်ကြီးဌာနကတော့ ဘယ်နေ့မှ တရားဝင်သတ်မှတ်မလဲ မသိသေးဘူး။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ဝန်ကြီးဌာနရဲ့ ဇွန်လ ၃ ရက် သတင်းစာရှင်းလင်းပွဲမှာ ညွှန်ချုပ်က ဩဂုတ်လ ၁၁ ဖွင့်မယ် ပြောသွားတယ်” ဟု တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ဆိုသည်။

မိုရေး-တမူး ဝင်ထွက်ပေါက်မှ သက်တမ်းရှိ နိုင်ငံကူးလက်မှတ်အပါအဝင် ပြည်ဝင်ဗီဇာရှိသူများကိုလည်း နိုင်ငံတော်သမ္မတရုံး၏ခွင့်ပြုချက်ဖြင့် ဝင်ထွက်။ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနထံမှ သိရသည်။

J-17



FOLLOW US