News

POST TAGGED AS

အိန္ဒိယ

မွတ်ဆလင်တစ်ဦးကို သွေးဆာနေသော လူအုပ်၏လက်မှ ကယ်ဆယ်ခဲ့သောရဲ အသက်ဘေး ခြိမ်းခြောက်ခံရ


နယူးဒေလီ၊ မေ ၃၁

အိန္ဒိယနိုင်ငံတွင် သွေးဆာနေသော လူအုပ်ကြီး၏လက်မှ မွတ်ဆလင် အမျိုးသားတစ်ဦးကို ကာကွယ်ပေးခဲ့ခြင်းကြောင့် သူရဲကောင်းသဖွယ်ဖြစ်နေသော ရဲအရာရှိတစ်ဦးမှာ ယခုအခါ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းခံနေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဥတ္တရခန်းပြည်နယ် မြောက်ပိုင်းမှ ရဲအရာရှိ ဂါဂန်ဒိပဆင်းသည် ဟိန္ဒူလူအုပ်စုကြီး၏ လက်မှ မွတ်ဆလင်တစ်ဦးကို ၎င်းက ကာကွယ်ပေးခဲ့သည့် ဗီဒီယို ယခင်အပတ်က လူမှုမီဒီယာတွင် ပျံ့နှံ့သွားပြီးနောက် လူသိများကျော်ကြားလာခဲ့သည်။

အဆိုပါမွတ်ဆလင်အမျိုးသားသည် ၎င်း၏ချစ်သူ ဟိန္ဒူလူမျိုး မိန်းကလေးနှင့် ဘုရားကျောင်းသို့ ရောက်ရှိနေစဉ် လူအုပ်ကြီးက ဝိုင်းထားပြီး ၎င်းကို love jihad အချစ်ကိစ္စ ဂျီဟတ်ဟုစွပ်စွဲကာ တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။

ဟိန္ဒူအမျိုးသမီးများကို မွတ်ဆလင်အမျိုးသားများက ဖြားယောင်းသွေးဆောင်ပြီး ကိုးကွယ်မှု အယူပြောင်းအောင် ကြံစည်ကြသည်ဟု စွပ်စွဲလေ့ရှိသော ဟိန္ဒူအယူသီးအုပ်စုများက သုံးစွဲမှုကြောင့် အချစ်ကိစ္စ ဂျီဟတ်ဆိုသောအသုံးအနှုန်းမှာ လူသိများလျက်ရှိသည်။

အဆိုပါဖြစ်စဉ်တွင် မွတ်ဆလင်တစ်ဦးကို ကယ်ဆယ်ခဲ့သည့် ဖြစ်ရပ်ဗီဒီယိုမှာ အွန်လိုင်းတွင် ပျံ့နှံ့သွားပြီးနောက် ရဲအရာရှိဆင်းအား အိန္ဒိယလူမျိုးအားလုံး၏ စံပြသူရဲကောင်းအဖြစ် ချီးကျူးခဲ့ကြပြီး ထိုဖြစ်စဉ်ကို ပုံနှိပ်မီဒီယာများစွာက ရေးသားဖော်ပြခဲ့ကြသည်။

“ကျွန်တော်က လုပ်ရမယ့်တာဝန်ကို လုပ်ခဲ့ရုံပါပဲ။ ရဲဝတ်စုံဝတ်မထားရင်လည်း ဒီအတိုင်းပဲ လုပ်မှာပါ။ အိန္ဒိယလူမျိုးတိုင်း လုပ်သင့်တဲ့အလုပ်ပါ” ဟု ဆင်းက ပြောကြားကြောင်း ပြည်တွင်းမီဒီယာများက ရေးသားသည်။

သို့ရာတွင် မကြာမီအတွင်းမှာပင် ဆင်းသည် မလျှော်ကန်သောအမှုကို ကာကွယ်ပေးသည်ဟူသော စွပ်စွဲဝေဖန်အချို့ ထွက်ပေါ်လာခဲ့သည်။

ဆင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများရှိသောကြောင့် အလုပ်တွင် ခွင့်ယူထားသည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြောကြားသည်။

အချို့နိုင်ငံရေးသမားများက လူအုပ်ကြီး၏လုပ်ရပ်ကို မှန်ကန်သည်ဟု လူသိရှင်ကြား ပြောဆိုသည်။ 

အာဏာရ BJP ပါတီမှ ရာကက်ရှ်နိန်းဝါက “ဒီမွတ်ဆလင်တွေက ဟိန္ဒူမိန်းကလေးကိုခေါ်ပြီး ကျုပ်တို့ ဘုရားကျောင်းကို လာတာကတော့ မှားယွင်းတဲ့လုပ်ရပ်ပါ” ဟု ပြောဆိုသည်။

BJP ပါတီမှ ရပ်ရှ်ကူမားသူခရယ်ကလည်း “ကျုပ်တို့ဆိုရင် ဗလီကို မသွားဘူး။ ကျုပ်တို့သွားရမယ့်နေရာ မဟုတ်ဘူးလေ။ သူတို့က ဘာကြောင့်ဘုရားကျောင်းကို လာတာလဲ။ ဟိန္ဒူယဉ်ကျေးမှုကို ဖျက်ဆီးဖို့လား” ဟု ပြောကြားသည်။

သို့ရာတွင် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့သော ရမ်နာဂါခရိုင်မှ ဒေသခံအချို့ကမူ ဖြစ်စဉ်၏ အလှည့်အပြောင်းနှင့် ဘာသာရေးသွေးထိုးမှုများအပေါ် စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။

“ယောကျာ်းလေးနဲ့ မိန်းကလေးက တစ်နေရာရာကို အတူတကွ သွားတယ်ဆိုပါစို့။ လက်ယာအစွန်းရောက်တွေက အဲဒါကို အချစ်ကိစ္စဂျီဟတ်လို့ ဘယ်လိုလုပ် သတ်မှတ်ပြီး တိုက်ခိုက်ကြမှာတုန်း” ဟု ဒေသခံ အေဂျစ်ရှာနီက ဘီဘီစီ ပန်ချာပီဘာသာ အစီအစဉ်သို့ ပြောကြားသည်။

F-04



FOLLOW US