News

POST TAGGED AS

အိန္ဒိယ

ပုဂံဘုရားများ မွမ်းမံရေးနှင့်နည်းပညာကူညီပေးရန် အိန္ဒိယ-မြန်မာ စာချုပ် ချုပ်မည်
ရန်ကုန်၊ မေ ၈

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမြင့်တင်ရန် မေလလယ်အတွင်း နှစ်ရက်ကြာ လာရောက်မည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်တွင် အိန္ဒိယပညာရှင်များနှင့် ပျက်စီးခဲ့သော ပုဂံဘုရားများ ပြုပြင်မွမ်းမံရေးနှင့် နည်းပညာအကူအညီပေးရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။

“ငလျင်ဒဏ်နဲ့ ထိခိုက်ပျက်စီးသွားတဲ့ ပုဂံက စေတီပုထိုးတွေ ပြုပြင်ရေးနဲ့ နည်းပညာပိုင်း အကူအညီပေးမယ့် အစီအစဉ်ကို နှစ်ဖက်သဘောတူ လက်မှတ်ထိုးကြမယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ယူနက်စကို တင်သွင်းထားသည့် ပုဂံဒေသရှိ စေတီ၊ ပုထိုးများစွာ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အိန္ဒိယပညာရှင်များနှင့် ပြုပြင်မွမ်းမံ ရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ (ယဉ်ကျေးမှု) ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်ကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စဆုရှမဆွာရက်ဂ်ျသည် မေလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နေပြည်တော်သို့ လာရောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပါ တွေ့ဆုံရန်ရှိကြောင်း နိုင်ငံရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရသည်။

ယခုနှစ် မေလဆန်းက မြန်မာ-အိန္ဒိယ နယ်နိမိတ်တွင် မူလသတ်မှတ်ထားသော နှစ်နိုင်ငံနယ်နိမိတ်စည်းမျဉ်းမှ မြန်မာဘက်ခြမ်းသို့ ကျော်လွန်၍ တရားမဝင် နယ်စပ်မှတ်တိုင် စိုက်ထူခဲ့သည့် အိန္ဒိယအဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်၍ မြန်မာက အိန္ဒိယသို့ ကန့်ကွက်စာ ပေးပို့ထားသည်။

J-17



FOLLOW US