News

POST TAGGED AS

အိန္ဒိယ

05-May-2018

အိန္ဒိယ
အိန္ဒိယသို့ ပဲတင်ပို့ ခွင့်ပြန်ရ၊ မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း တင်ပို့မည်
ရန်ကုန်၊ မေ ၅

တင်ပို့ခွင့် ရပ်ဆိုင်းထားသော မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ကို မေလ ၄ ရက်နေ့ကစ၍ အိန္ဒိယနိုင်ငံက ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ရာ မတ်ပဲနှင့် ပဲတီစိမ်း တန် သုံးသိန်းတင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံက ပမာဏ အများဆုံး တင်ပို့နေသည့် မတ်ပဲကို တန်ချိန်တစ်သိန်းခွဲနှင့် တင်ပို့မှု နည်းပါးသည့် ပဲတီစိမ်းကို တန်ချိန်တစ်သိန်းခွဲ သတ်မှတ်၍ စုစုပေါင်း တန်ချိန်သုံးသိန်း တင်ပို့ခွင့်ပြုလိုက်သော်လည်း ပဲစင်းငုံကိုမူ တင်ပို့ခွင့်ပေးခြင်း မရှိကြောင်း အိန္ဒိယနိုင်ငံ၏ စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

“ကျွန်တော်တို့ဘက်က တောင်းဆိုလွန်းလို့ ခွင့်ပြုပေးတာပါ။ သူတို့မှာက ဒီနှစ် ပဲအထွက်များထားတော့ သိပ်မဝယ်ချင်ပေမယ့် ဝယ်လက်တွေ မပြတ်အောင်ဆိုပြီး ဝယ်ပေးတဲ့သဘောပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“မြန်မာအစိုးရသည် အိန္ဒိယနိုင်ငံသို့ မတ်လ ၂၂ ရက်နှင့် ဧပြီလ ၄ ရက်နေ့တို့က သွားရောက်ခဲ့ပြီး မတ်ပဲတန်ချိန် လေးသိန်းနှင့် ပဲစင်းငုံတန်ချိန် သုံးသိန်း တင်ပို့ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း မတ်ပဲတန်ချိန် သုံးသိန်း တင်ပို့ခဲ့ပြီး မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ သုံးမျိုးပေါင်း စုစုပေါင်းတန်ချိန် ခြောက်သိန်းအထိ တင်ပို့ခဲ့ရာ ယခု အိန္ဒိယနိုင်ငံ၏ ခွင့်ပြုချက် ပမာဏမှာ ပြီးခဲ့သည့်နှစ်က တင်ပို့ခဲ့သည့်ပမာဏ၏ တစ်ဝက်သာ ရှိသည်။ 

ယင်းသို့ မတ်ပဲပမာဏ နည်းပါးနေမှုနှင့် ပတ်သက်၍ ထပ်မံ တင်ပို့ခွင့်ရရှိရန် အစိုးရအနေနှင့် ကြိုးပမ်းပေးမည်ဖြစ်သော်လည်း အိန္ဒိယ၏ ယခုနှစ် ပဲထွက်ရှိမှု အနေအထားအရ ထပ်မံ တင်ပို့ခွင့်ရရှိနိုင်ရန် ခက်ခဲကြောင်း၊ ထို့ပြင် တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းခွဲခန့် တင်ပို့နေသည့် ပဲစင်းငုံ တင်ပို့ခွင့်ရရေးမှာ အခွင့်အရေး အလွန်နည်းပါးကြောင်း ဦးတိုးအောင်မြင့်က ထပ်မံပြောဆိုသည်။ 

“ပဲစင်းငုံက စီးပွားဖြစ် မစိုက်ပျိုးသင့်တော့တဲ့ သီးနှံတစ်ခုဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယက အဲဒီပဲကို သိပ်မလိုဘူး။ သူတို့ဆီကို အဲဒီပဲတင်သွင်းတဲ့ နိုင်ငံတွေလည်း တော်တော်များသလို သူ့(ပဲစင်းငုံ)အစား အစားထိုး စားလို့ရတဲ့ ပဲတွေလည်း အများကြီးပဲ ရှိနေပါတယ်”ဟု ၎င်းကရှင်းပြသည်။ 

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မှာ တစ်နှစ်လျှင် တန် ၂၁ သန်းမှ ၂၂ သန်းခန့် အထိရှိပြီး ပျမ်းမျှအထွက်နှုန်း ၁၇ သန်းခန့်ရှိကြောင်း ယခုနှစ် အိန္ဒိယပဲထွက်နှုန်းသည် ပြီးခဲ့သည့်နှစ်ကထက် တန်ခြောက်သန်းအထိ ပိုမိုထွက်ရှိခဲ့ပြီး တန် ၂၆ သန်းအထိ ထွက်ရှိခဲ့ကြောင်း စီးပွားကူးသန်းထံမှ သိရသည်။ 

“ပမာဏနည်းတယ်၊ အဲဒီတော့ ထပ်တိုးမတိုးက သူတို့ပေါ်လစီပေါ် မူတည်တယ်။ ပြန်ဖွင့်ပေးတဲ့အချိန်လည်း နောက်ကျတယ်။ နောက်ကျတော့ တောင်သူတွေ တော်တော်များများက စိုက်စရိတ်အောက်နဲ့ ထုတ်လိုက်ရတာပေါ့။ အခု အနေအထားအရ ဈေးတက်လာတယ်။ နည်းနည်း ထပ်ပြီးတက်လာနိုင်တယ်”ဟု ပဲကုန်သည် ဒေါက်တာ မြတ်စိုးက ပြောဆိုသည်။ 

ထိုသို့ ပဲတင်ပို့ခွင့်ပြန်ပေးခြင်းကြောင့် လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်း ပြန်လည် မြင့်တက်လာသော်လည်း ပဲစင်းငုံမှာ လေးနှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်း အဖြစ်သို့ ရောက်ရှိနေပြီး မေလ ၅ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင်၌ ဈေးမဖွင့် နိုင်ကြောင်း ပဲဈေးကွက်အတွင်းမှ သိရ သည်။ 

ပဲဈေးကွက်အတွင်း မတ်ပဲ(FAQ) တစ်တန်လျှင် ကျပ် ၄၇၀,ဝ၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၁၆,ဝ၀၀ ခန့် ရှိခဲ့ပြီး ဧပြီလ ၄ ရက်နေ့က ပဲစင်းငုံတန် လျှင် ကျပ် ၃၄၀,ဝ၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရ သည်။ 

အိန္ဒိယနိုင်ငံက ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တန်ချိန် သုံးသိန်းနှင့် ပဲစင်းငုံကို တန်ချိန် ၂ သိန်းသာဝယ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တင်ပို့ရန် ကန့်သတ်ခဲ့သည့်အတွက် ပဲဈေးနှုန်းများ ကျဆင်းပြီး ဈေးကွက်ပျက်ခဲ့ရသည်။ 



FOLLOW US