News

POST TAGGED AS

အိန္ဒိယ

အိန္ဒိယက ကျူးကျော်စိုက်ထူသည့် နယ်ခြားမှတ်တိုင်ကို ပြန်ဖျက်


ကလေး၊ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဆရာစံကျေးရွာအနီးတွင် အိန္ဒိယနိုင်ငံမှ လာရောက်ကျူးကျော်ကာ စိုက်ထူထားသည့် နယ်ခြားမှတ်တိုင်ကို မေလ ၂ ရက်နေ့တွင် ပြန်လည်ဖျက်ခဲ့ကြောင်း ဆရာစံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောကြားသည်။

“နောက်ထပ်မလုပ်ဖို့လည်း ပြောခဲ့တယ်။ သူတို့ဘက်ကတော့ မသိလို့လုပ်မိတာလို့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ နယ်နိမိတ်သတ်မှတ်သည့် ကျောက်တိုင်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရှိတာဝန်ရှိသူများနှင့် နယ်နိမိတ် တိုင်းတာရေးအဖွဲ့တို့၏ သွားရောက်ကြည့်ရှုခဲ့မှုအရ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း သုံးဖာလုံခန့် ကျူးကျော်ထားသည်ကို တွေ့ရှိခဲ့ရသည်။ 

ယင်း နယ်နိမိတ်ကျောက်တိုင်ကို မေလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့် က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်းရှိ နောင်ကမ်းနှင့် ကျောက်တောင်းရွာမှ ဒေသခံများသည် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နှင့် မဏိပူရ်ပြည်နယ်၊ မိုရေးမြို့နယ်အကြား၊ နှစ်နိုင်ငံ နယ်ခြားမှတ်တိုင် BP82 နှင့် BP 83 အကြား မြန်မာဘက်ခြမ်း ဆရာစံကျေးရွာနှင့် နောက်ကမ်း ကျေးရွာအကြားတွင် အင်္ဂလိပ်ဘာသာဖြင့် မြန်မာ-အိန္ဒိယဆိုသည့် စာတန်းပါ ကျောက်တိုင်ကို စိုက်ထူခဲ့ကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာသည့် အဖွဲ့က မေလ ၂ ရက်နေ့တွင် ကွင်းဆင်းကာ ကျောက်တိုင်ကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ 

နောက်ကမ်းရွာနှင့် ဆရာစံရွာသည် မူလက ၆ ဖာလုံခန့်ဝေးရာမှ ၂၀၁၅ ခုနှစ်က ရွာနှစ်ခုအကြား ရွာသစ်ဆိုကာ ဆရာစံကျေးရွာနှင့် ၃ ဖာလုံ အကွာအထိ အိန္ဒိယဒေသခံများက လာရောက်နေထိုင်ကြရာ ယင်းအိမ်များသည် မြန်မာဘက်ခြမ်းတွင် ကျူးကျော်ဆောက်လုပ်နေကြသည့် နေအိမ်များဖြစ်ကြောင်း၊ ယခုအခါ ဆရာစံကျေးရွာနှင့် တစ်ဖာလုံခန့်အကွာတွင် ထပ်မံမြေကျူးကျော်ကာ ကျောက်တိုင်စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း ဆရာစံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

“တစ်နှစ်ကို နည်းနည်း၊ နည်းနည်းနဲ့ ကျူးကျော်လာနေတော့ ကျွန်တော်တို့ မြန်မာဘက်ခြမ်းက မြေကပျောက်သွားတော့မှာ။ နယ်စပ်မှာ နေရတယ်ဆိုတာက ကိုယ့်မြေကတော့ အပါမခံနိုင်ဘူး”ဟု ဆရာစံကျေးရွာနေ ဦးအောင်ဇော်မိုးက ပြောဆိုသည်။ 

R-20




FOLLOW US