News

POST TAGGED AS

အိန္ဒိယ

ပုဂံဘုရားများပေါ် ပြန်တက်ရောက်ခွင့်ပေးရန် စိစစ်

မန္တလေး၊ မေ ၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားအချို့ပေါ်သို့ ပြန်လည် တက်ရောက်ခွင့်ပြုရန် စိစစ်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ဘုရားငါးဆူပေါ် တက်ခွင့်ပြုဖို့ စိစစ်နေပါတယ်။ ဘယ်ဘုရားတွေဖြစ်မယ်ဆိုတာ ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်တွေက ရွေးချယ်ပေးမှာပါ။ စက်တင်ဘာလလောက် ဖြစ်ဖို့များတယ်”ဟု ၎င်းကပြောဆိုသည်။ 

ပုဂံဒေသရှိ ဘုရားများသည် နှစ်ကာလ ကြာမြင့်နေပြီဖြစ်ကာ ကြံ့ခိုင်မှု အားနည်းလားခြင်း၊ ငလျင်ဒဏ် အကြိမ်ကြိမ် ခံစားခဲ့ရခြင်း၊ အဂါရဝဖြစ်စေခြင်းတို့ကြောင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဘုရားများပေါ် တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

ယခင်က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စဝတီ ပုဂံမျှော်စသည့် ဘုရားများပေါ်မှနေ၍ ရှုမျှော်ခင်းများ ကြည့်ရှုခွင့်ရခဲ့ရာမှ ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့်ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ရွှေဆံတော်၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားတို့ပေါ်သို့ ပြည်တွင်း ပြည်ပ ခရီးသွားများ တက်ရောက်ခွင့် ရခဲ့ကြသော်လည်း လက်ရှိတွင် မည်သည့်ဘုရားများပေါ်သို့မျှ တက်ခွင့်မပေးတော့ဘဲ ကာရံထားခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မျက်နှာပြင်ကျယ်ပြန့်၍ အတွင်းကြောင်လိမ်လှေကားပါသော ထုထည်ခိုင်ခန့်သည့် ပြာသာဒ်ကြီး၊ ရွာဟောင်းကြီး၊ ထီးလိုမင်းလို၊ သဗ္ဗညု၊ ကန်တော့ ပုလ္လင်ဘုရားများ၏ ပထမပစ္စယာပေါ်သို့ တက်ရောက်ခွင့်ပြုရန်နှင့် ပုဂံဘုရားများ ပေါ်တက်ခွင့် ပိတ်ပင်ထားခြင်းကို ပြန်လည် သုံးသပ်ပေးရန် ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မန္တလေးတိုင်း အစိုးရအဖွဲ့ထံ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တင်ပြထားခဲ့သည်။

“တက်ခွင့်ပြုသင့်တဲ့ဘုရား၊ ကြံ့ခိုင်မှု ကောင်းတဲ့ဘုရားတွေပေါ်တော့ တက်ခွင့်ပြုသင့်ပါတယ်။ တို့နိုင်ငံကလည်း နိုင်ငံတကာ ဖိအားတွေရှိနေတော့ ခရီးသွားလုပ်ငန်းက ကျမယ်လို့ယူဆတယ်။ ဘုရားတွေပေါ် တက်ခွင့်ပြန်ပေးမယ်ဆိုရင်တော့ ခရီးသွားတွေကို ဆွဲဆောင်မှုတစ်ခုအနေနဲ့ ပြန်ယူတဲ့သဘောဖြစ်တာပေါ့”ဟု ပုဂံဧည့်လမ်းညွှန်အသင်းနာယက ဦးခင်မောင်နုက ပြောကြားသည်။

လက်ရှိတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အနေနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပုဂံဒေသရှုခင်းများ ကြည့်ရှုနိုင်ရန် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန်ရှုခင်းကြည့် တောင်ကုန်းနှင့် စူဠာမဏိ ကန်ရှုခင်းကြည့်တောင်ကုန်းတို့ တည်ဆောက်ပေးထားသည်။

M-05



FOLLOW US