News

POST TAGGED AS

အိန္ဒိယ

ကက်ရှ်မီးယား ခွဲထွက်ရေးအင်အားစုများနှင့် အိန္ဒိယစစ်တပ်တို့ ပဋိပက္ခဖြစ်၊ လူ ၂၀ ခန့် သေဆုံး
 

ဒေလီ၊ ဧပြီ ၂ 

အိန္ဒိယနိုင်ငံ ထိန်းချုပ်မှုအောက်တွင်ရှိသော ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားတွင် စစ်သွေးကြွများနှင့် အိန္ဒိယအစိုးရတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

AFP သတင်းဌာန၏ ဖော်ပြချက်အရ ကျောက်ခဲများဖြင့်ပစ်ပေါက်ခဲ့သော ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရာ အရပ်သားလေးဦး သေဆုံးသွားသည်။ 

ကက်ရှ်မီးယားဒေသရှိ အစိုးရအရာရှိများက ယခုဖြစ်ရပ်သည် ၎င်းတို့ဒေသအတွက် လတ်တလောနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်ရပ်ဟု ပြောကြားသည်။ 

ကက်ရှ်မီးယားသည် ပါကစ္စတန်နှင့် အိန္ဒိယ အိမ်နီးချင်းနှစ်နိုင်ငံ ဆယ်စုနှစ်များစွာ ပိုင်နက်အငြင်းပွားနေသော နယ်မြေဖြစ်ပြီး ယင်းပြဿနာကြောင့် သွေးထွက်သံယိုမှုများစွာ ပေါ်ပေါက်ခဲ့သည်။ 

ယမန်နေ့ကဖြစ်ရပ်တွင် အရပ်သားများသေဆုံးခဲ့သလို အိန္ဒိယစစ်သားသုံးဦးနှင့် စစ်သွေးကြွဟု သံသယရှိသူ ၁၃ ဦးတို့ သေဆုံးခဲ့ရသည်။ 

ကက်ရှ်မီးယားဒေသတွင်နေထိုင်သူအများစုက ပြည်နယ်ခွဲထွက်ရေးကို လိုလားကြပြီး ခွဲထွက်ရေးအတွက် လက်နက်ကိုင်ပုန်ကန်နေသည့် သူပုန်များကို ထောက်ခံထားသည်။ ၎င်းတို့က ကက်ရှ်မီးယားလွတ်လပ်ရေး သို့မဟုတ် ပါကစ္စတန်နှင့် မဟာမိတ်ဖွဲ့ရေးလုပ်ရန် လိုလားကြခြင်းဖြစ်သည်။ 

ယမန်နေ့ကဖြစ်ရပ်ကြောင့် ကက်ရှ်မီးယားရှိ စာသင်ကျောင်းများ၊ ကောလိပ်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင်များ ပိတ်ခဲ့ရကြောင်း၊ ယင်းဆူပူအုံကြွမှုကြီးကို ခွဲထွက်ရေးလိုလားသည့်အင်အားစုများက ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကဖော်ပြသည်။ 

မှတ်တမ်းများအရ ခွဲထွက်ရေးဝါဒီများသည် မွတ်ဆလင်များဖြစ်ကြပြီး ၁၉၈၀ ပြည့်နှစ်များမှစတင်ကာ ကက်ရှ်မီးယား ဒေသအပေါ် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။

F-01



FOLLOW US