News

POST TAGGED AS

အိန္ဒိယ

ဝက်နားရွက်ပြာရောဂါကြောင့် အိန္ဒိယသို့ ဝက်တင်ပို့မှု ယာယီပိတ်
ကလေး၊ မတ် ၃၁

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဝက်နားရွက်ပြာရောဂါကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဝက်သားပေါက်များတင်ပို့မှု ယာယီပိတ်ထားကြောင်း မြန်မာနိုင်ငံအတွင်းရှိ ဝက်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ 

ရာသီဥတုပူပြင်းလာသည့်အတွက် မီဇိုရမ်ပြည်နယ်အတွင်း ဝက်နားရွက်ပြာရောဂါများ ဖြစ်ပွားနေခြင်းကြောင့် မတ်လ နောက်ဆုံးပတ်မှစတင်ကာ နယ်စပ်မှတစ်ဆင့် တင်သွင်းမှုကို ပိတ်ထားခြင်းဖြစ်ကြောင်း၊ မိုးရွာသွန်းပြီး အပူချိန်လျော့နည်းသည့်အချိန်အထိ ပိတ်ထားနိုင်သည့် အခြေအနေရှိနေကြောင်း ကလေးမြို့မှ ဝက်ကုန်သည်တစ်ဦးက ပြောကြားသည်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်အတွင်း မွေးမြူသည့် ဝက်သားပေါက်များကို ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း တင်ပို့နေခြင်းဖြစ်သည်။

“တစ်ဖက်က ပိတ်ထားတဲ့အတွက် ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဝက်ဈေးလည်း မကျပါဘူး”ဟု ကလေးမြို့မှ ဝက်ကုန်သည်တစ်ဦးက ဆိုသည်။ 

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေမှုကြောင့် ဝက်များတင်သွင်းခွင့်မပြုရန် အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ဝက်နားရွက်ပြာရောဂါသည် ဝက်များ၏ အသက်ရှူသည့် လမ်းကြောင်းနှင့် မစင်စွန့်သည့် လမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ရောဂါတစ်ခုဖြစ်ကာ ယင်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါးမပေါ်သေးဘဲ ယင်းရောဂါသည် လူများသို့ ကူးစက်နိုင်သည့် ရောဂါတစ်ခုမဟုတ်သော်လည်း ဝက်များတွင် ဖြစ်ပွားပါက တစ်ကောင်နှင့်တစ်ကောင် ကူးစက်ပြီး သေဆုံးသည့်ရောဂါလည်းဖြစ်သည်။ 

R-20



FOLLOW US