News

POST TAGGED AS

အိန္ဒိယ

တမူးတွင် ဖမ်းဆီးရမိထားသည့် ဆူညံအိတ်ဇောများ ဖျက်ဆီး
ကလေး၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုစဉ်ကာလနှင့် ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်းက ဖမ်းဆီးရမိထားသည့် ဆူညံအိတ်ဇောများကို ဖျက်ဆီးခဲ့ကြောင်း တမူးမြို့ရှိ အမှတ် (၁၀၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ရဲအုပ်နေထွန်းအောင်က ပြောကြားသည်။ 

မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်က တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဆိုင်ကယ်အိတ်ဇော စုစုပေါင်း ၂၂၃ ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ယင်းအိတ်ဇောများသည် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုစဉ်ကာလ၊ သင်္ကြန်ကာလနှင့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုကာလအတွင်း ဖမ်းဆီးထားသည့် အိတ်ဇောများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီဟာတွေ မတပ်ဖို့ မဖမ်းခင် ပညာပေးလုပ်ထားတာတွေရှိတယ်။ ပညာပေးကာလမှာဆိုရင် ဒီအိတ်ဇောတွေကို တစ်ခါတည်းလဲခိုင်းတယ်။ ဖမ်းဆီးတဲ့ကာလမှာလည်း တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးရင် ကောင်းတဲ့အိတ်ဇောနဲ့လဲပြီး ပြန်လွှတ်တယ်။ အဲဒီလို ဖမ်းဆီးထားတဲ့ အိတ်ဇောတွေကို ဖျက်ဆီးတာ”ဟု တပ်ဖွဲ့စုမှူး ရဲအုပ်နေထွန်းအောင်က ဆိုသည်။ 

ယင်းသို့စည်းကမ်းမဲ့ဆိုင်ကယ်များကို ဖမ်းဆီးကာ ဒေသခံပြည်သူများကို အသံဆူညံမှုဖြစ်စေသည့် အိတ်ဇောများကို ဖျက်ဆီးသည့်အပေါ် ကြိုဆိုကြောင်း တမူးမြို့ ဒေသခံပြည်သူများက ပြောကြားသည်။

R-20



FOLLOW US