News

POST TAGGED AS

အိန္ဒိယ

ရွှေလီမြစ်ကမ်းဘေးစပ်တွင် ဆာလာအိတ်အတွင်းမှ လက်ပြန်ကြိုးတုပ် အသတ်ခံထားရသည့် အမျိုးသားအလောင်းတွေ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ ရွှေလီမြစ်ကမ်းဘေးတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက အပုပ်နံ့များထွက်နေသည့် ဆာလာအိတ်တစ်အိတ်အတွင်းမှ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

အမည်မသိ ပုပ်ပွသေဆုံးနေသော အမျိုးသားမှာ အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပြီး ယင်းရုပ်အလောင်းကို တရုတ် - မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေလီမြစ်ကမ်းဘေး တော်ရွက်လှေဆိပ် သဲသောင်ပြင်တွင် လမ်းလျှောက်နေသည့် မိသားစုတစ်စုက စတင်မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

“သောင်ပြင်က ဆာလာအိတ်တစ်အိတ်ထဲကနေ အပုပ်နံ့တွေထွက်နေလို့ စမြင်သူက အနီးကပ်သွားကြည့်တော့ အိတ်အပြင်ကို ခြေထောက်နှစ်ချောင်းက ထွက်နေတာ မြင်လိုက်တယ်။ အဲဒါနဲ့ သက်ဆိုင်ရာကို လှမ်းအကြောင်းကြားခဲ့တာ။ အခုချိန်ထိတော့ သေဆုံးသူ မည်သူမည်ဝါဆိုတာကို သိရဖို့ လိုက်လံစုံစမ်းနေတုန်းပဲ”ဟု မူဆယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းရုပ်အလောင်းတွေ့ရှိသည့် ဆာလာအိတ်ထဲတွင် ကျောက်တုံးတစ်တုံးထည့်ထားပြီး သေဆုံးသူမှာ လက်ပြန်ကြိုးတုပ်လျက် မျက်နှာနှင့် ပါးစပ်တို့တွင် အနီရောင်ပိတ်စများ စည်းနှောင်ထားပြီး လည်ပင်းတွင် ပြတ်ရှဒဏ်ရာတစ်ချက် တွေ့ရှိခဲ့သောကြောင့် မူဆယ်မြို့မရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US