News

POST TAGGED AS

အိန္ဒိယ

ထရမ့်မိသားစု၏ အိန္ဒိယမှ အိမ်ခြံမြေစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေး ထရမ့်အမည် အလွဲသုံးသည်ဟု ဝေဖန်ခံရ


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ 

အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ထရမ့်တာဝါ အိမ်ခြံမြေ တည်ဆောက်ဖွံ့ဖြိုးရေး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားကြီးဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် ညစာစား စကားပြောခွင့်ရမည်ဟု ကမ်းလှမ်းမှုမှာ ထရမ့်နာမည်ကို အလွဲသုံးခြင်းဖြစ်ကြောင်း ဝေဖန်ခံနေရသည်ဟု BBC သတင်းစာက ဖော်ပြသည်။

သမ္မတထရမ့်၏ သားကြီးဖြစ်သူ ထရမ့်ဂျူနီသည် ယခုအပတ်အတွင်း အိန္ဒိယသို့ရောက်ရှိနေကာ ဒေလီမြို့အနီးထရမ့် တာဝါများတည်ဆောက်ရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်လျက်ရှိသည်။

ထရမ့်မိသားစုသည် အမေရိကန်သမ္မတ၏အမည်ကို အမြတ်ထုတ်ပြီး စီးပွားရှာနေသည်ဟု ဝေဖန်မှုများရှိနေသည်။ သို့သော်လည်း ထရမ့်ဂျူနီယာကမူ အိန္ဒိယတွင် စီးပွားရေးအရ အဆက်အဆံရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အိန္ဒိယသတင်းစာ အများအပြားတွင် မျက်နှာပြည့်ပါရှိသောကြော်ငြာများတွင် ထရမ့်ဂျူနီယာ၏ ဓာတ်ပုံနှင့်အတူ “ထရမ့် ဒီကိုရောက်နေတယ်၊ ခင်ဗျားရောဖိတ်ကြား ခံထားရသလား”၊ “ထရမ့်တော့ရောက်နေပြီ၊ ခင်ဗျားရော” ဆိုသော စာသားများဖော်ပြထားခဲ့သည်။

အိန္ဒိယမြို့တော်အနီးရှိ ဂါဂိုအန်မှ ၄၇ ထပ်ရှိ တာဝါများကို Trump Organi-zation နှင့် ပြည်တွင်းမိတ်ဖက်များက တည်ဆောက်နေပြီး အချို့သောအခန်းများမှာ အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချနေသည်။

Trump Organization ကို ဒေါ်နယ်ထရမ့် သမ္မတမဖြစ်မီက ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး အိမ်ခြံမြေအပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည့် လုပ်ငန်းစုကြီးဖြစ်သည်။ လက်ရှိတွင် ထရမ့်ဂျူနီယာသည် အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ထရမ့်ကိုယ်စား လုပ်ငန်းစုကြီးကို ဦးဆောင်နေသူဖြစ်သည်။

အိန္ဒိယသည် အမေရိကန်ပြီးလျှင် အကြီးဆုံး အိမ်ခြံမြေဈေးကွက်ဖြစ်ပြီး ထရမ့်မိသားစုသည် ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယရှိလုပ်ငန်းများမှ ဒေါ်လာသုံးသန်းရရှိခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။ 

သမ္မတနှင့် အမည်တူသားဖြစ်သူ၏ နာမည်ကိုအသုံးချပြီး စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများရရှိရန် ကြိုးပမ်းခြင်းမှာ အိန္ဒိယတွင်ရော အမေရိကန်တွင်ပါ ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။ 

သမ္မတထရမ့်သည် မိသားစု စီးပွားရေးလုပ်ငန်းစုတွင် ပါဝင်ပတ်သက်ခြင်းမရှိတော့ဟု ဆိုသော်လည်း မိသားစုဝင်များသည် စီးပွားရေးသဘောတူညီချက်များ ရရှိရေး အိမ်ဖြူတော်နှင့် တိုက်ရိုက်ပတ်သက်နေမှုကို အမြတ်ထုတ်လုပ်ဆောင်နေသည်ဟု ဝေဖန်မှုများ ယခင်ကတည်းက ရှိခဲ့သည်။

ယမန်နှစ်ကလည်း ထရမ့်၏သမက်ဖြစ်သလို အိမ်ဖြူတော်တွင် ရာထူးယူထားသည့် ဂျရက်ကုရှ်နာ၏ ကုရှ်နာမိသားစုက တရုတ်တွင် အိမ်ခြံမြေတည်ဆောက်ရေး စီမံကိန်းကို ချပြခဲ့ရာတွင် ထရမ့်၏အမည်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။

ကုရှ်နာကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာ၌ ဂျရက်ကုရှ်နာကိုယ်တိုင် တရုတ်သို့လာရောက်ခြင်း မဟုတ်ဘဲ သူ၏ညီမဖြစ်သူသာ လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စီမံကိန်းများအကြောင်း ရှင်းလင်းတင်ပြရာတွင် အမည်အလွဲသုံးစားလုပ်ခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။

ထရမ့်၏သမီးဖြစ်သူ အီဗန်ကာသည်လည်း ကမ္ဘာ့စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ၏ သမီးဆိုသောအရှိန်ဖြင့် အဓိကနေရာယူသွားပြီး သူ့ကုန်အမှတ်တံဆိပ် လူသိများရေး ဦးစားပေးလုပ်ဆောင်ကာ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ကို ပျက်စီးစေခဲ့သည်ဟု ဝေဖန်ခံခဲ့ရသည်။  

F-03




FOLLOW US