News

POST TAGGED AS

အိန္ဒိယ

10-Sep-2016

မုဒိမ်း အိန္ဒိယ
လူနာ အမျိုးသမီးငယ်အား မုဒိမ်းကျင့်သည့် ဆရာဝန်ကို အိန္ဒိယ အာဏာပိုင်များ ဖမ်းဆီး

ဒေလီ၊ စက်တင်ဘာ ၁ဝ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်မှ ဆရာဝန် တစ်ဦးသည် သွေးလွန်တုပ်ကွေး ဖြစ်နေသော လူနာ တစ်ဦးကို မုဒိမ်း ကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

အာမာဒါဘက်မြို့ ဆေးရုံရှိ အထူး ကြပ်မတ် ကုသဆောင်တွင် ကုသမှု ခံယူနေသော အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို အဆိုပါ ဆရာဝန်က မုဒိမ်း ကျင့်ခဲ့ခြင်းဖြစ်သည်ဟု သတင်းက ဆိုသည်။

ထိုသို့ လူနာ တစ်ဦးကို မုဒိမ်း ကျင့်ခဲ့သည့် ဆရာဝန်အား ကူညီပံ့ပိုး ပေးခဲ့သည့် ဆေးရုံအမှုထမ်း တစ်ဦးကိုလည်း အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါ ဆရာဝန်သည် လူနာ အမျိုးသမီးအား သတိလစ်သွားစေရန် အားပြင်းသည့် ဆေးဝါးများ ပေးခဲ့ကြောင်း၊ ထို့နောက် မုဒိမ်း ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် Apollo ဆေးရုံက မိမိတို့ အနေနှင့် ရဲတပ်ဖွဲ့နှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု သတင်း ထုတ်ပြန်သည်။

“လက်ရှိအချိန်မှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက်ကြောင့် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထင်မြင် သုံးသပ်ချက် တစ်စုံတစ်ရာ မပေးလိုပါဘူး''ဟု အဆိုပါ ဆေးရုံမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

လူနာ အမျိုးသမီးအား မုဒိမ်း ကျင့်ခဲ့သော ဆရာဝန်သည် ပါကစ္စတန် နိုင်ငံသား ဖြစ်ပြီး အိန္ဒိယတွင် ကာလရှည် ဗီဇာဖြင့် လာရောက် အလုပ် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု NDTV ရုပ်သံက ဆိုသည်။

မုဒိမ်းမှုနှင့် အမျိုးသမီးများအား အကြမ်းဖက် တိုက်ခိုက်မှုများသည် လတ်တလော နှစ်များအတွင်း အိန္ဒိယနိုင်ငံ၌ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ယင်းဖြစ်ရပ်များ အဆုံးသတ်ရန်  အိန္ဒိယ တက်ကြွလှုပ်ရှားသူများက ဆော်သြလျက် ရှိသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်ကလည်း ဒေလီမြို့တွင် ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ သတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့သည်။  




FOLLOW US