News

POST TAGGED AS

အိန္ဒိယ

08-Feb-2018

အိန္ဒိယ
အိန္ဒိယတွင် ဟိန္ဒူ-မွတ်ဆလင် စုံတွဲများကို တိုက်ခိုက်ရန် စာရင်းပြုလုပ်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖျက်သိမ်းခံရ


နယူးဒေလီ၊ ဖေဖော်ဝါရီ ၇

အိန္ဒိယတွင် ဟိန္ဒူအမျိုးသမီးများနှင့် ချစ်ကြိုက်၊ ထိမ်းမြားထားသော မွတ်ဆလင်အမျိုးသား ၁၀၂ ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် စုဆောင်း စာရင်းပြုလုပ်ထားသော ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖျက်သိမ်းခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

စာရင်းပါအမျိုးသားများကို ရှာဖွေတိုက်ခိုက်ရန် ဟိန္ဒူဘာသာဝင်များကို တိုက်တွန်းသည့် အဆိုပါစာမျက်နှာမှာ လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်းဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းစာရင်းတွင် အမည်ပါသူများ၏ ဖေ့စ်ဘွတ်ခ် Profile များ၏ လင့်ခ်များပါ စုဆောင်းပေးထားရာ ၎င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာခဲ့သည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Facebook Page) ၏ အမည်ကို HindutvaVarta (ဟိန္ဒူလမ်းစဉ်ဆွေးနွေးခန်း) ဟု အမည်တပ်ထားသော်လည်း မည်သည့် လက်ယာယိမ်းဟိန္ဒူအဖွဲ့ကမှ ၎င်းတို့ ထူထောင်ခြင်းဖြစ်သည်ဟု အတည်ပြုထားခြင်း မရှိသေးပေ။

တွစ်တာလူမှုကွန်ရက်သုံးသူ တစ်ဦးက ယင်းစာရင်းအကြောင်း စတင်ရေးသား ဝေဖန်ခဲ့ရာမှ အများအာရုံစိုက်မိလာခဲ့ခြင်း ဖြစ်သည်။ 

“ဟိန္ဒူအကြမ်းဖက်သမားတွေက ဘာသာမတူ လက်ထပ်သူတွေ စာရင်းရှည်ကြီးလုပ်ပြီး ဟိန္ဒူတွေအနေနဲ့ ဒီအမျိုးသမီးတွေရဲ့ ခင်ပွန်းသည်တွေကို သတ်ဖြတ်ဖို့ တိုက်တွန်းထားတယ်”ဟု အဆိုပါတွစ်တာ တွိဒ်တွင် ရေးသားထားသည်။

ယခုအခါ ဖေ့စ်ဘွတ်ခ်က အဆိုပါစာမျက်နှာကို ဖျက်သိမ်းလိုက်ပြီဖြစ်သော်လည်း အိန္ဒိယဝက်ဘ်ဆိုက် Alt News က မှတ်တမ်းအချို့ ရယူထားနိုင်ခဲ့သည်။ စာရင်းကိုပါ ရရှိထားသော်လည်း စုံတွဲများ၏ အမည်များကို ဖျက်ပေးထားသည်။ အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသည့် ပို့စ်အားလုံးသည် “အချစ်ဂျီဟတ်” ဆင်နွှဲမှုများကို အကြမ်းဖက်သည့်နည်းဖြင့် တုံ့ပြန်ရင်ဆိုင်ကြရန် တိုက်တွန်းထားသည်။

ဟိန္ဒူအမျိုးသမီးများကို သွေးဆောင်ဖျားယောင်းပြီး အစ္စလာမ်ဘာသာသို့ဝင်ရန် သိမ်းသွင်းနေသည်ဟူသော သံသယကို “အချစ်ဂျီဟတ်” ဟု ဟိန္ဒူအမျိုးသားရေးဝါဒီများက သုံးစွဲကြသည်။

“ဒီလိုစာရင်းမျိုး ရှိတယ်ဆိုတာကိုက စိုးရိမ်စရာပါ။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒီလိုပတ်သက်တဲ့ ဆက်ဆံရေး ရှိသူတွေနာမည်ကို ခြေရာခံပြီး စုဆောင်းထားတာကလည်း ထပ်တူထပ်မျှ ပူပန်စရာကောင်းပါတယ်”ဟု Alt News ၏ ပူးတွဲထူထောင်သူ ပရာတစ်ဆင်ဟာက သုံးသပ်ထားသည်။

အဆိုပါစာရင်းမှာ ဖေ့စ်ဘွတ်ခ်ရှိ “Relationship Status” ကို အခြေခံပြီး ပြုစုထားပုံရသည်ဟု သုံးသပ်မှုများရှိနေသည်။ 

ယင်းသို့သော စာရင်းမျိုး အွန်လိုင်းတွင် ပျံ့နှံ့ခဲ့မှုမှာ ယခုတစ်ကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ယမန်နှစ် နိုဝင်ဘာလကလည်း အလားတူ စာရင်းမျိုးကို Justice for Hindu ဟု အမည်ပေးထားသည့် လက်ယာယိမ်း ဟိန္ဒူအုပ်စု၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားခဲ့ဖူးသည်။ ထိုစဉ်ကမူ ထိုသို့ ချစ်ကြိုက်၊ ထိမ်းမြားထားသူများကို အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းမျိုး မရှိပေ။  

F-03

  • VIA


FOLLOW US