News

POST TAGGED AS

အိန္ဒိယ

23-Jan-2018

အိန္ဒိယ
အိမ်သာမရှိတဲ့ သန်းတစ်ထောင်

ခြေထောက်ခွင်ကာ ဆံပင်တွေဖြူနေသော အသက် ၆၅ နှစ်အရွယ် မူချန်းတစ်ယောက် မိုးမသောက် အလင်းမရောက်မီ အိပ်ရာကထရသည်မှာ ပြဿနာမရှိ။ အဘယ်ကြောင့် စောစောထရကြောင်းကို သူက -

“မိုးမလင်းမီ လက်နှိပ်မီးလေးနဲ့ လမ်းဘေးမှာ တောထိုင်ဖို့ထွက်ရတယ်။ တောထိုင်နိုင်ဖို့ အခြားသူတွေလိုပဲလိုတာ (ရေအိမ်သုံးခွက်) လေးကိုင်ပြီး လျှောက်ကြည့်ရတယ်”ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၊ မဒရာ ပရာဒက်ရှ်ပြည်နယ်၊ ဂါဂျီခီဒီကျေးရွာလေးရှိ သူတို့အားလုံး၏ ဘဝများသည် အိမ်သာမရှိဘဲ တောထိုင်ပြီး ကိစ္စပြီးနေကြရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အိန္ဒိယနိုင်ငံတွင် ရေအိမ်သုံးရန်ခွက်များကို ရှေးကကြေးဖြင့်လုပ်ကြသည်။ ခေတ်သစ်တွင်တော့ ပလတ်စတစ်ခွက်တွေ ဖြစ်ကုန်ပြီ။ နေ့စဉ် နံနက်စောစော ကိုယ့်အိမ်ရှေ့ တောလာထိုင်သဖြင့် မောင်းထုတ်သံများ၊ လိုတာနှင့် ရေခပ်ပြီး လက်ဆေးနေသောကြောင့် အော်ဟစ်ဆဲဆိုသံတွေက ဤဒေသ၏ မထူးဆန်းသော အသံများဖြစ်သည်။ 

လေဟာပြင်တွင် မစင်စွန့်ခြင်းဓလေ့သည် ရှေးဟောင်းလူတို့၏ အစဉ်အလာတစ်ခုဖြစ်သည်။ လူဦးရေ သိပ်သည်းမှုနည်းပါးစဉ်က မြေပြင်ပေါ်တွင် မစင်စွန့်ခဲ့ခြင်းက ပြဿနာမရှိ။ လူတွေက မြို့ပြများထူထောင် လူဦးရေများလာသည့်အခါတွင် မစင်စွန့်ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်လာပြီး၊ လူသားတို့ စွန့်ထုတ်သည့် အညစ်အကြေးမစင်များ၏ နောက်ကွယ်တွင် ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်များကလည်း နောက်ဆက်တွဲအဖြစ် လိုက်ပါလာတတ်သည်။ 

ယနေ့ခေတ်တိုင်အောင် လေဟာပြင်တွင် တောထိုင်ခြင်း (မစင်စွန့်ခြင်း) ဓလေ့များကို လူပေါင်း သန်း ၉၅၀ နီးပါးခန့် ပြုလုပ်နေကြသေးကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံတွင်ပင် ထိုဓလေ့၌ ပျော်မွေ့နေသူပေါင်း ၅၆၉ သန်းကျော် ရှိနေသေးသည်။ အိန္ဒိယ ကျေးလက်များသို့ ရထားစီးသွားလျှင် ရထားလမ်းဘေးတစ်လျှောက် တောထိုင်နေသူများနှင့် မစင်ပုံ ယင်တလှောင်းလှောင်းကို မမြင်ချင်မှအဆုံး ဖြစ်ကြရပေလိမ့်မည်။

၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂက လာမည့် ၂၀၃၀ အတွင်း လေဟာပြင်၌ တောထိုင်ခြင်းဓလေ့ ကွယ်ပျောက်ရမည်ဟု ကြွေးကြော်ထားသည်။ ဗီယက်နမ်လိုနိုင်ငံမျိုးမှာပင် လမ်းဘေးတောထိုင်သည့် ဓလေ့ကို ဖယ်ရှင်းနိုင်ခဲ့သည်မှာ ၁၀ စုတစ်စု ကြာခဲ့ပြီ။ ရေဆိုးစွန့်ထုတ်မှု စနစ်မကျခြင်းနှင့် ရေကောင်းရေသန့်များ သောက်သုံးရန် မရရှိခြင်းတို့ကြောင့် တစ်နှစ်လျှင် သေဆုံးနေကြရသည့် ကလေးပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိသည်။ ဝက်သက်၊ ငှက်ဖျားနှင့် အေအိုင်ဒီအက်စ်ရောဂါဖြစ်၍ သေဆုံးကြရသူ ကလေးအရေအတွက်ထက် ပိုများသည်။ အိန္ဒိယနိုင်ငံ ကျောင်းများတွင် လုံခြုံသော အိမ်သာမရှိသဖြင့် အမျိုးသမီးငယ်လေးများ ရာသီလာချိန်ဆိုလျှင် ကျောင်းကိုပင် လာမတက်နိုင်အောင် ဖြစ်ခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် ဗြိတိသျှတို့ လက်အောက်က လွတ်လပ်ရေးရယူခဲ့သည့် ၁၉၄၇ ခုနှစ်ကတည်းက အိမ်သာပြဿနာနှင့် လုံးထွေးရစ်ပတ်နေခဲ့သည်မှာ ယနေ့တိုင် ပြေလည်မှုမရနိုင်သေးပေ။ “မိလ္လာစနစ်က လွတ်လပ်ရေးထက် ပိုပြီးအရေးကြီးတယ်”ဟုပင် မဟတ္တမဂန္ဒီက ပြောကြားခဲ့သည်။ သူက ထိုကိစ္စအတွက် တစ်ပြည်လုံးကို ဥပဒေများထုတ်ပြန်ပြီး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဤ ၁၀ စုနှစ်များအတွင်း အိန္ဒိယတွင် လေဟာပြင်တောထိုင်သည့်စနစ်သည် ကျဆင်းလာနေပြီဆိုသော်လည်း လျင်မြန်စွာ တိုးပွားနေသည့် လူဦးရေစနစ်ကြောင့် ပြဿနာမှာ ရှိနေဦးမည်သာဖြစ်သည်။ ယခုအခါ အိန္ဒိယနိုင်ငံသည် မစင်ပုံကြီးများကြားထဲတွင် လူတွေနေထိုင်ကြရသည့် အဖြစ်မျိုးကိုရောက်နေပြီဟုပင် တင်စားပြောဆိုနေကြသည်။

လက်ရှိ ဝန်ကြီးချုပ်နရန်ဒရာမိုဒီသည် “ဘုရားကျောင်းများထက် အိမ်သာကို ဦးစားပေးဆောက်မည်”ဟု ကြွေးကြော်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂက ၂၀၃၀ မတိုင်မီ တောထိုင်စနစ် ပျောက်ဆုံးရမည်ဟု လမ်းစဉ်ချမှတ်ပေးသည်။ မိုဒီက ဂန္ဒီကြီး၏ နှစ် ၁၅၀ မြောက်နေ့ဖြစ်သော ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မတိုင်မီ ထိုစနစ်ဆိုးကြီး ပျောက်ရမည်ဟု ဆိုထားသဖြင့် ၁၀ နှစ်ခန့်စောပြီး အောင်မြင်စွာ တိုက်ထုတ်ရမည်ဖြစ်သည်။ 

ဝန်ကြီးချုပ်က အိမ်သာများဆောက်လုပ်ရန် ဒေါ်လာ ဘီလီယံ ၄၀ ကျော်ကို ခွင့်ပြုပေးထားပြီးဖြစ်သည်။ သူက အိမ်သာဆောက်ရန် စီမံချက်ကို Swachh Bharat Abhiyan (Clean India Mission) အနေနှင့် သတ်မှတ်လုပ်ဆောင်လျက်ရှိသည်။ ထိုအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်ကလည်း အိန္ဒိယနိုင်ငံကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ထပ်မံချေးရန် သဘောတူထားပြီးဖြစ်သည်။

မိုဒီသည် ၂၀၁၉ ခုနှစ်တွင် ကျေးလက်ဒေသများ၌ အိမ်သာသစ်ပေါင်း သန်း ၁၀၀ ကျော် ဆောက်ပေးရပေလိမ့်မည်။ အိန္ဒိယအစိုးရများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ လောက်ကတည်းက တန်ဖိုးနည်းအိမ်သာများကို ဆောက်လုပ်ပေးခဲ့ကြသည်။ သန်းနဲ့ချီပြီး အိမ်သာနမူနာများကိုလည်း ကျေးလက်များတွင် တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် ရှေ့ကဆောက် နောက်ကပျက်တွေကလည်း များသည်။ အိမ်သာကို ဆောက်ပေးလိုက်ပြီးမှ တိရစ္ဆာန်ထားသည့်နေရာ၊ ပစ္စည်းလှောင်ရုံ၊ သီးနှံလှောင်ရုံအဖြစ် ပြောင်းလိုက်သူတွေကလည်း ရှိနေသည်။ သူတို့က ထုံးစံအတိုင်း လိုတာလေးဆွဲပြီး ကွင်းထဲတွင် တောထိုင်ရသည့် အရသာကိုသာ တွေ့နေကြသေးသည်။

မူချန်းတို့ရွာမှ အနောက်တောင်ဘက်သို့ နာရီပေါင်းများစွာ သွားရသည့် ဂျော်ဒါအရပ်တွင် ရွှံ့အိမ်လေးတွေက ဝင်းနှင့်ခြံနှင့် အစီအရီရှိနေသည်။ အိမ်များ၏ အနောက်ဘက်တွင် ဖုန်းရုံတစ်ရုံပမာဏရှိသော အုတ်တိုက်အဆောက်အအုံလေးများကို တွေ့ရသည်။ ပန်းလိမ္မော်ရောင်ဆေးများကို ထိုအုတ်တိုက်လေးများအား သုတ်ထားသည်။ အုတ်တိုက်လေးများ အတွင်း၌ ကျပ်ခိုးတွေပေနေသည့် ဒယ်အိုးတစ်လုံး၊ လိုတာဟုခေါ်သည့် ရေအိမ်သုံး ခွက်၊ ကျင်းထဲကို ထိုးစိုက်ထည့်ထားသည့် ပိုက်လိုင်းတစ်ခုနှင့် အိမ်သာကို တွေ့ရသည်။ ပိုက်လိုင်းက ပြည့်ကျပ်နေသည်။ မစင်တွေကလျှံပြီး အနံ့အသက်တွေက မကောင်း။ ပေါလောပေါ်နေသည့် လူမစင်တွေက ရွံစရာကောင်းလှသည်။ ထိုမစင်များတွင် ဗိုင်းရပ်စ် ၁၀ သန်းလောက် ခိုအောင်းနေကြသည်။ အိမ်သာတစ်လုံးတွင်သန်းနှင့် ချီသော ဗက်တီးရီးယားများ၊ ကပ်ပါးပိုးအကောင်ပေါင်း ထောင်ချီပြီးတော့လည်း ရှိနေနိုင်သည်။ ထိုပိုးမွှားများ၊ အကောင်များက အိမ်သာထဲဝင်လာသူများကို ကူးစက်ပြီး ထိုသူများကတစ်ဆင့် ရွာထဲကို အချိန်မရွေး ပြန်လည်ဖြန့်ပေးနိုင်သည့် အနေအထားများ ရှိနေသည်။ 

အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးအခြေအနေကလည်း ယိုင်တိုင်တိုင်ဖြစ်သည်။ ဝမ်းလျှောခြင်းကြောင့် နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးပေါင်း ၁၁၇,၀၀၀ ခန့် သေဆုံးနေကြရသည်။ ဆေးကောင်းစွာ ကုသခွင့်မရသောကြောင့်၊ အာဟာရချို့တဲ့သောကြောင့် ကူးစက်ရောဂါဖြင့် သေဆုံးသည့်ကလေးတွေလည်း များစွာရှိနေဆဲဖြစ်သည်။ သေးကွေးပြီး အာဟာရချို့သည့် မိခင်များက မွေးထုတ်လိုက်သည့် ကလေးများသည် ပိန်လှီလှီလေးတွေသာ ဖြစ်နေသည်။ သူတို့ကို ကာကွယ်ဆေးတွေထိုးရန် လိုနေသလို၊ အာဟာရဖြစ်အောင် ကျွေးဖို့ကလည်း လိုနေသည်။ အိန္ဒိယတွင် အသက် ၅ နှစ်အောက်ကလေး ၃၉ ရာခိုင်နှုန်းခန့်မှာ ခက်ခဲစွာဖြင့် အသက်ရှင်သန်နိုင်ရေးကို ရုန်းကန်နေကြရသည်။

Swachh Bharat Abhiyan မစ်ရှင်သည် အိမ်တစ်အိမ်လျှင် ဒေါ်လာ ၁၉၀ တန် ရေလောင်းအိမ်သာတစ်လုံး အစိုးရက တည်ဆောက်ပေးမည့် စီမံချက်ဖြစ်သည်။ ထိုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ အိမ်သာတည်ဆောက်ရေး ကုန်ကျစရိတ်ထက် များသည်။ သို့သော် ဂျော်ဒါရွာတွင် မည်သူမှ အိမ်သာကို သုံးသည့် အလေ့အထမရှိ။ အိမ်သာတွေကို သူတို့နည်း သူတို့ဟန်ဖြင့် အဝတ်လျှော်သည့်နေရာ၊ ရေချိုးခန်းအဖြစ် ပြောင်းလဲကာ အသုံးပြုနေကြသည်။ ရွာသူတစ်ဦးက -

“ကျွန်မတို့မှာ ဒီလောက်ကျယ်ပြောတဲ့ ကွင်းပြင်ကြီး ရှိနေတာပဲ။ ဒါကြီးတွေကို ဘာကြောင့် သုံးရမှာလဲ”ဟု အိမ်သာကို လက်ညှိုးထိုးပြီးပြောသည်။ သူတို့ရွာပတ်လည်တွင် မြက်တောနှင့် ပန်းရိုင်းတောတွေကလည်း အများကြီးရှိနေသည်။

အိန္ဒိယနိုင်ငံတွင် အိမ်သာအသုံးပြုမှုကို စစ်တမ်းကောက်ယူသည့်အခါ မြောက်ပိုင်းကျေးလက်ဒေသများမှ ရွာသားများက တောင်ပိုင်းထက်ပိုပြီး ကွင်းပြင်တွင် တောထိုင်ရသည့်ဓလေ့ကို ပိုပြီးနှစ်သက်ကြောင်း တွေ့ရသည်။ သဘာဝပတ်ဝန်းကျင်၌ လေကောင်းလေသန့်ရှူပြီး တောထိုင်မှ ကျန်းမာသည်ဟု သူတို့က ယူဆကြသည်။ သူတို့၏ အယူအဆ ဘာသာရေးများကလည်း အိမ်တွင်း၌ အိမ်သာထားခြင်းကို လက်မခံသည့် အယူအဆမျိုးတွေရှိနေသည်။ 

ကလေးတွေက မစင်နှင့် ယင်ကောင်တွေအကြောင်း၊ လက်မဆေးညစ်ပတ်လျှင် ရောဂါရတတ်ကြောင်း ကျောင်းတွေကသင်သဖြင့် ကောင်းစွာသိသည်။ သို့သော် ရွာဓလေ့က အမျိုးသမီးများသည် အိမ်သာထဲဝင်လျှင် အသက်ရှူကျပ်သည်ဆိုကာ မဝင်ချင်ကြပေ။ သို့သော် ကိုယ့်အိမ်သာကို နက်နက်တူးပြီး ကျယ်ကျယ်ဆောက်ကာ အိမ်သာကို စနစ်တကျသုံးနေသည့် မိသားစုတွေကလည်း သူတို့ပတ်ဝန်းကျင်တွင် အပြိုင်အဆိုင်ရှိလာကြသည်။ 

လွန်ခဲ့သည့် သုံးနှစ်အတွင်း RICE အဖွဲ့သည် အိန္ဒိယကျေးရွာပေါင်း ၂၂,၀၀၀ သို့ သွားရောက်ပြီး ရေလောင်းအိမ်သာ အသုံးပြုမှုအား စစ်တမ်းကောက်ခဲ့သည်။ သူတို့ပြုစုထားသည့် စာရင်းအင်းများအရ ကျေးလက်များတွင် ၄၀ ရာခိုင်နှုန်းခန့် ရေလောင်းအိမ်သာများ အသုံးပြုလာကြပြီဆိုသဖြင့် တိုးတက်လာသည့် အနေအထားဖြစ်သည်။ အစိုးရပေးသည့်ငွေထက်ပိုပြီး အကုန်အကျခံကာ အကောင်းဆုံး အိမ်သာဆောက်သူများ၊ အစိုးရထံကငွေမစောင့်ဘဲ ကိုယ်ပိုင်ငွေဖြင့် အိမ်သာတည်ဆောက်သူများ ပါရှိလာသည်။ ပုဂ္ဂလိက ကိုယ့်ငွေဖြင့် ကိုယ်ဆောက်ကြသည့် အိမ်သာတွေက အစိုးရဆောက်ပေးသည့် အိမ်သာတွေထက် ၅ ဆ ကြီးသည်ဟုလည်း RICE အဖွဲ့က ဆိုထားသည်။ ကမ္ဘာသုံးအရွယ်အစားအတိုင်း ဆောက်ကြခြင်းဖြစ်သည်။ သူတို့အသိက အိမ်သာကျင်းကျယ်လေ ပိုကောင်းလေဟု သိလာခြင်းကပင် အကျိုးအမြတ်ဟု ဆိုရမည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက (ဒါလစ်) ဆိုသည့် လူတန်းစားတစ်ရပ်ရှိသည်။ ထိုသူတို့ကို ဇာတ်နိမ့် အောက်တန်းကျသူများအဖြစ် သတ်မှတ်ထားပြီး တစ်ရွာတည်းရှိ ရေတွင်းကိုပင် လာရောက်အသုံးပြုခွင့်မပေး ပိတ်ပင်ခြင်း ခံထားရသူများဖြစ်သည်။ ဘုရားကျောင်းကိုလည်း မလာရ၊ အထက်တန်းလွှာများ ဝတ်ဆင်သည့် အဝတ်၊ ဖိနပ်များကိုပင် ဝတ်ဆင်ခွင့်မပေး နှိမ့်ချစွာ ဆက်ဆံခြင်းခံနေရသူများ ဖြစ်သည်။ ခေတ်သစ်ဥပဒေအရ လူတန်းစားခွဲခြားဆက်ဆံခြင်းကို ခွင့်မပြုသော်လည်း ဒါလစ်များသည် ညစ်ပတ်အောက်ကျသည့် အလုပ်များကို မျိုးရိုးနှင့်ချီကာ လုပ်ဆောင်နေကြဆဲဖြစ်သည်။ အိမ်သာကျင်းဖော်ခြင်း၊ တူးခြင်းများကို သူတို့သာ ဆောင်ရွက်ကြသည်က များသည်။ 

ဒါလစ်များကို အခွင့်အရေးပေးပြီး နိမ့်ကျသည့် လုပ်ငန်းများကို မလုပ်ကိုင်စေသောကြောင့် အိမ်သာကျင်းတူးခြင်း၊ ဖော်ခြင်းလုပ်ငန်းများကလည်း ပြဿနာတစ်ခုဖြစ်လာသည်။ လုပ်သားမရှိသည့် ရွာများတွင် အိမ်သာကျင်းတူးခြင်း၊ ဖော်ခြင်းများကို ဒါလစ်တို့သာ လုပ်သည်ဟု ယူဆထားသဖြင့် လုပ်သူလည်းမရှိ။ ထို့ကြောင့် အိမ်သာဆောက်ရမည်ကို ဝန်လေးပြီး တောထိုင်ခြင်း လုပ်နေသူများစွာ ကျေးလက်တွင် ရှိနေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံ မြို့ပြများအနီး ဆင်းရဲသားရပ်ကွက်များစွာတွင် ကျေးလက်မှ လာရောက်မှီခိုနေသူပေါင်းများစွာ ရှိနေသည်။ ထိုဆင်းရဲသားရပ်ကွက်များတွင် လူဦးရေနှင့် အိမ်သာအချိုးအစားကလည်း လုံးဝ မမျှမတဖြစ်နေသေးသည်။ အိန္ဒိယမြို့ပြများတွင် ကျေးလက်ကလူပေါင်း ၁၅၇ သန်းခန့် လာရောက်မှီခိုနေပြီး မြို့ပြလူဦးရေ၏ ၃၇ ရာခိုင်နှုန်း ပမာဏဖြစ်သည်။ ထိုသူများအတွက် သီးခြားအိမ်သာအသုံးပြုခွင့်များ ကင်းမဲ့နေသေးသည်။ ရှိသည့် ဘုံအိမ်သာများကလည်း ဒါလစ်များနှင့်အတူ တွဲမသုံးနိုင်ဆိုသဖြင့် ဒါလစ်များသည် အိမ်သာအတွက် အခက်တွေ့နေကြရသည်။ 

အိန္ဒိယနိုင်ငံရေသန့်နှင့် အိမ်သာသန့်လုပ်ငန်းများကို တာဝန်ယူနေရသည့် ဝန်ကြီး ပရာမီဆဝါရမ် အီယာက -

“ယနေ့ အိန္ဒိယနိုင်ငံကျေးလက်နေပြည်သူပေါင်း သန်းတစ်ထောင်လောက်ဟာ တောထိုင်ဓလေ့ကို ကျင့်သုံးနေဆဲပါ။ မိုဒီပေးထားတဲ့ နောက်ဆုံးနေ့ရက်ရောက်ရင် ထက်ဝက်လောက် လျော့သွားနိုင်မယ်ထင်ပါတယ်”ဟု ဆိုသည်။

(Ref: National Geographic Magazine)



FOLLOW US