News

POST TAGGED AS

အိန္ဒိယ

15-Jan-2018

သင်္ဘော အိန္ဒိယ
အိန္ဒိယကမ်းလွန် အာရေဗျပင်လယ်တွင် ကူးတို့သင်္ဘောနစ်မြုပ်၊ သုံးဦးသေဆုံး


နယူးဒေလီ၊ ဇန်နဝါရီ ၁၄

အိန္ဒိယကမ်းလွန် အာရေဗျပင်လယ်တွင် ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူအများစု လိုက်ပါလာသော ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် သုံးဦးသေဆုံးသွားသည်ဟု ရဲဌာက ပြောကြားကြောင်း Associated Press သတင်းတွင် ဖော်ပြထားသည်။

မဟာရပ်ရှ်ထရာပြည်နယ် ဒဟာနုမြို့တွင်ဖြစ်ပွားသော အဆိုပါဖြစ်စဉ်တွင် အခြား ကျောင်းသူ၊ ကျောင်းသား ၂၉ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော ရဲတပ်ဖွဲ့နှင့်ရေတပ်တို့က ပြောကြားသည်။ ကူးတို့သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါလာသော ကျောင်းသူ၊ ကျောင်းသားအားလုံးကို စာရင်းရေတွက်ပြီးပြီဟု ရဲအရာရှိ ဗီဂျေဆန်ကာက ပြောကြားသည်။

ကျောင်းသူ၊ ကျောင်းသား ၃၂ နှစ်ဦးစလုံးကို လေယာဉ်တစ်စင်း၊ ရဟတ်ယာဉ်များနှင့် သင်္ဘောများအသုံးပြုကာ ကယ်ဆယ်ခဲ့သည်ဟု အိန္ဒိယ PTI သတင်းဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကျောင်းသူ၊ ကျောင်းသားများသည် ပျော်ပွဲစားထွက်လာစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပင်လယ်ထဲတွင် မှောက်သွားသော ကူးတို့သင်္ဘောကို ပြန်လည်ဆယ်ယူခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ အပြီးသတ်သွားပြီဟု ရဲအရာရှိဆန်ကာက ဆိုသည်။ သေဆုံးသူသုံးဦးထဲမှ ကျောင်းသားဆန်က ရူတီမာယာဗန်ရှီ၏ အသုဘကိုပင် ပြုလုပ်ပြီးစီးသွားပြီဟု သိရှိရသည်။

လိုက်ပါလာသော ကျောင်းသူ၊ ကျောင်းသားများက စမတ်ဖုန်းများဖြင့် ဆယ်လ်ဖီဓာတ်ပုံရိုက်ရန် တစ်ဖက်မှတစ်ဖက်သို့ ရွှေ့ကြခြင်းကြောင့် ကူးတို့သင်္ဘောတိမ်းစောင်းကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်သူ ၁၇ နှစ်အရွယ် ကျောင်းသူ မိုရှူဒီပါဗက်စ်ရှိတ်ခ်က ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကူးတို့သင်္ဘောများကို ဖြစ်ကတတ်ဆန်း တည်ဆောက်လေ့ရှိသည့်အပြင် ခရီးသည်အလွန်အကျွံတင်ခြင်း၊ သက်ကယ်အင်္ကျီကဲ့သို့သော ဘေးကင်းလုံခြုံရေး စည်းကမ်းများကို အနည်းငယ်သာ လိုက်နာခြင်းတို့ကြောင့် ယင်းကဲ့သို့ မတော်တဆ ဖြစ်ပွားမှုများမှာ မဆန်းတော့ချေ။

ကူးတို့စက်လှေများသည် ဝေးလံခက်ခဲသော နေရာများတွင် များသောအားဖြင့် အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။

F-04



FOLLOW US