News

POST TAGGED AS

အိန္ဒိယ

03-Jan-2018

နယ်စပ် အိန္ဒိယ
ချည်ဈေးတက်၍ ရက်ကန်းလုပ်ငန်းအချို့ ရပ်နား

ကလေး၊ ဇန်နဝါရီ ၃ 

အိန္ဒိယချည်ဈေးမှာ ဈေးနှုန်း ဆက်လက် မြင့်တက်နေသည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် ရက်ကန်း လုပ်ငန်းအချို့မှာ ရပ်နားထားရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ချည်ဈေးသည် သုံးကီလို အလေးချိန်ပါ ချည်ထုပ်တစ်ထုပ်လျှင် ပြီးခဲ့သည့် ဇူလိုင်လက ကျပ် ၂၆,၀ဝ၀ မှ ဩဂုတ်လ ၅ ရက်နေ့ဝန်းကျင်တွင် ကျပ် ၂၈,၀ဝ၀ အထိ မြင့်တက်ခဲ့ကြောင်း ယခုအချိန်အထိ ချည်ဈေး ပြန်မကျသဖြင့် ရက်ကန်းတစ်ပိုင် တစ်နိုင်လုပ်ကိုင်သူအချို့မှာ လုပ်ငန်းများ ရပ်နားထားရကြောင်း ကလေးမြို့မှ ရက်ကန်းလုပ်ငန်းရှင် ဦးစိုးဝင်းက ပြောကြားသည်။

“အရင်နှစ်တွေဆို ဒီအချိန် နှစ်သောင်း ငါးထောင်ကျော်လောက်ထိ ဈေးကျသွားပြီ။ ဒီနှစ်တော့ အခုထိ မကျသေးဘူး။ အထည် ဒီဇိုင်းကိုပြောင်းပြီး မလုပ်နိုင်တဲ့သူတွေဆိုရင်တော့ ရပ်နားရတာပေါ့”ဟု ၎င်းကဆိုသည်။ 

ကလေးမြို့နယ်အတွင်းရှိ ချင်းရိုးရာ ရက်ကန်းလုပ်ငန်းများသည် မြန်မာ- အိန္ဒိယ နယ်စပ်ဂိတ်ပေါက်များဖြစ်သော ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ နယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်စပ် စသည့် နယ်စပ်များမှ ဝင်လာသည့် ချည်ဖြင့် အဓိက ရက်လုပ်ကြခြင်းဖြစ်ပြီး ကလေးမြို့နယ်အတွင်း ရက်ကန်းစင်ပေါင်း ၃၀ဝ၀ ကျော်ရှိကာ တစ်ပိုင်တစ်နိုင် ရက်လုပ်ကြသူသာ များပြားသည်။

အဆိုပါ လုပ်ကိုင်သူများသည် ချည်ဈေးတက်သဖြင့် တစ်ရက်လျှင် အထည် တစ်ထည်ပြီးလျှင် ကျပ်နှစ်ထောင်သာ ရရှိပါက နေ့စားမကိုက်သည့် အလုပ်တစ်ခု ဖြစ်သည့်အတွက် လက်ရှိ ချည်ဈေးနှုန်းသည် တစ်ရက်လျှင် ရက်ကန်းထည် တစ်ထည်ပြီးပါက နေ့စား နှစ်ထောင်ကျပ်၊ သုံးထောင်ကျပ်သာ ကျန်သဖြင့် လုပ်ငန်းကို ရပ်နားကြခြင်းဖြစ်ကြောင်း ရက်ကန်းခတ်သူများက ရှင်းပြပြောဆိုသည်။ 

“မိုးတွင်းတုန်းကတော့ ပွင့်လင်းရာသီဆိုရင် ဈေးပြန်ကျမှာပါဆိုပြီး လုပ်ကြတာ။ အခုဈေးက ပြန်မကျတဲ့အပြင် ထပ်တက်နေလို့ အလုပ်နားထားတယ်”ဟု ရက်ကန်းခတ်သူတစ်ဦးဖြစ်သည့် မဇာနည်က ဆိုသည်။ 

R-20



FOLLOW US