News

POST TAGGED AS

အိန္ဒိယ

မုံရွာ - ကလေးဝလမ်း အိန္ဒိယအစိုးရ ခင်းမည်
ကလေး၊ ဒီဇင်ဘာ ၃၁ 

မိုးရာသီကာလတွင် မော်တော်ယာဉ်များ သွားလာရအလွန်ခက်ခဲပြီး ပွင့်လင်းရာသီ၌သာ သွားလာနိုင်သည့် မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို အိန္ဒိယနိုင်ငံက ၂ နှစ်ခွဲအတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လမ်းဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဦးက ပြောကြားသည်။

မုံရွာ - ယာကြီး - ကလေးဝလမ်း ၁၁၅ မိုင် ရှည်လျားသောလမ်းအနက် မိုင်တိုင်အမှတ် (၄၀) မှ စတင်၍ မိုင်တိုင်အမှတ် ၁၁၅ အထိ ၇၅ မိုင်အရှည်ကို အိန္ဒိယနိုင်ငံ၏ နည်းပညာနှင့် ကုမ္ပဏီတို့က ၂၀၁၈ ခုနှစ်မှ စတင်ကာ ၂ နှစ်ခွဲအတွင်း အပြီးသတ် ဆောင်ရွက်မည်ဖြစ်သည်။ 

ယင်းလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအတွက် အိန္ဒိယနိုင်ငံက လမ်းပုံစံရေးဆွဲထားမှုနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ 

“အဲဒီလို ဆောင်ရွက်တဲ့အပေါ်မှာ အိန္ဒိယအဖွဲ့ကို ဒီလမ်းကြီးက ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် တကယ်အရေးကြီးတဲ့ လမ်းကြီးဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန် လုပ်ပေးစေချင်ပါတယ်ဆိုပြီး ပြောထားပါတယ်”ဟု ညွန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဦးက ပြောဆိုသည်။ 

မုံရွာ - ယာကြီး - ကလေးဝလမ်းသည် ၂၀၀၃ -၂၀၀၄ ခုနှစ်မှ စတင် ဖောက်လုပ်သွားလာခဲ့သည့် လမ်းတစ်ခုဖြစ်ပြီး ကလေးဝမြို့မှ ယာကြီးကျေးရွာအကြားလမ်းသည် မိုးရာသီကာလဆိုပါက သွားလာ၍ မရခြင်းကြောင့် ပွင့်လင်းရာသီမှသာ ဆက်သွယ်သွားလာရသည့် လမ်းတစ်ခုလည်း ဖြစ်သည်။

တမူး - ကလေးဝကြား ကားလမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင်တည်ဆောက်ရန်နှင့် ကလေးဝ - ယာကြီး - မုံရွာလမ်း အဆင့်မြှင့်တင်ရန် မြန်မာအစိုးရတာဝန်ရှိသူများနှင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများအကြား ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက အိန္ဒိယနိုင်ငံတွင် သဘောတူလက်မှတ်ထိုးခဲ့ပြီး အဆိုပါ လမ်းနှစ်ခုကို အိန္ဒိယအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ်မှ စတင်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ 

R-20



FOLLOW US