News

POST TAGGED AS

အိန္ဒိယ

24-Dec-2017

အိန္ဒိယ
အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်တွင် ရန်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး မီးရှို့ အသတ်ခံရ
ဒေလီ၊ ဒီဇင်ဘာ ၂၃

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်တွင် ရန်ဖြစ်ရာမှ အမျိုးသမီးတစ်ဦး မီးရှို့ခံရပြီး သေဆုံးသွားမှုကြောင့် တရားခံအမျိုးသားကို ဖမ်းဆီးထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အသက် ၂၅ နှစ်အရွယ် ဧည့်ကြိုဝန်ထမ်း စန္ဒာရာနီသည် ကြာသပတေးနေ့ ညနေ ၆းဝ၀ နာရီခန့်က အိမ်အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ရဲဌာနက ပြောကြားသည်။

လမ်းသွားလမ်းလာများက မစ္စရာနီအား အပြေးအလွှား သွားရောက်ကူညီခဲ့ကြသော်လည်း ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်။

တရားခံဟု စွပ်စွဲခံထားရသူ ကာသစ်ဗန်ကာ ၂၈ နှစ်သည် လွန်ခဲ့သော လအနည်းငယ်ကအထိ မစ္စရာနီနှင့်အတူ ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။

၎င်းသည် ကြာသပတေးနေ့က မစ္စရာနီအနားသို့ ကပ်လာကာ စကားများခဲ့ကြပြီးနောက် ရေနံဆီပုလင်းကို ဆွဲထုတ်ကာ သူမအပေါ်လောင်းချကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ပြောကြားသည်။

တရားခံဗန်ကာသည် မစ္စရာနီအား လက်ထပ်ခွင့်ရရန်အတွက် ၂ နှစ်ခန့် ချစ်ရေးဆိုခဲ့ပြီး မစ္စရာနီက ၎င်း၏ ချစ်ရေးဆိုမှုကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်ဟု ကြားသိရပြီး တရားခံနှင့်ပတ်သက်၍ တိုင်ကြားထားခြင်း ရှိ၊ မရှိကို မသိရသေးကြောင်း ရဲများက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ဒေလီဘတ်စကားတစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် အသတ်ခံရမှု ဖြစ်ရပ်အပြီးတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လာခဲ့ပြီး ယင်းကဲ့သို့ တိုက်ခိုက်မှုများကို ပြတ်သားစွာ ကိုင်တွယ်ရန် တင်းကျပ်သည့် ဥပဒေများလည်း ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ နိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေဆဲဟု သိရှိရသည်။

အစိုးရကထုတ်ပြန်သော ကိန်းဂဏန်းများအရ ပြီးခဲ့သောနှစ်က အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို အက်စစ်ဖြင့်တိုက်ခိုက်မှု ၁၀ဝ ကျော် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ အများစုမှာ မနာလိုသော လက်တွဲဖော်များ၊ နောက်ယောင်ခံ နှောင့်ယှက်သူများ၏ ပစ်မှတ်ထားလုပ်ကြံမှုကို ခံရခြင်းဖြစ်သည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောကြားသည်။

F-04

  • VIA


FOLLOW US