News

POST TAGGED AS

အိန္ဒိယ

ပဲအသင်းက ပဲမျိုးစုံတန်ချိန် လေးထောင်နီးပါးဝယ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

အိန္ဒိယက ပဲဝယ်ယူမှု ရပ်ဆိုင်းထားခြင်းကြောင့် ပဲဈေး အဆမတန် ကျဆင်းခြင်းကို ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းက သတ်မှတ်ဈေးနှုန်းဖြင့် မတ်ပဲနှင့်ပဲစင်းငုံ ဝယ်ယူပေးနေမှုသည် တန်ချိန် လေးထောင်နီးပါးခန့်ရှိပြီဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

သို့သော် ကုန်သည်များထံမှ ယင်း ပဲနှစ်မျိုးပေါင်း လာရောက်ရောင်းချမှုသည် တန်ချိန်တစ်သောင်းကျော်ထိ ရှိခဲ့သော်လည်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီ၏ သတ်မှတ် အရည်အသွေးများနှင့် ကိုက်ညီခြင်း မရှိသည့်အတွက် တန်လေးထောင်နီးပါးကိုသာ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ပဲအသင်းမှ ပဲစင်းငုံတစ်တန် ကျပ်လေးသိန်းနှင့် မတ်ပဲတစ်တန် ကျပ်ငါးသိန်းဖြင့် သတ်မှတ်ဝယ်ယူပေးနေခြင်းဖြစ်သော်လည်း ပဲအသင်း၏ အရည်အသွေး ကန့်သတ်ချက်များကြောင့် လာရောက်ရောင်းချသူမရှိခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

သို့သော် ပဲနှမ်းအသင်းက ဆက်လက် ဝယ်ယူပေးလျက်ရှိပြီး ပဲသစ်ထွက်ပေါ်လာချိန်၌လည်း ထပ်မံ ဝယ်ယူပေးရန်လည်း စီစဉ်နေကြောင်း ယင်းအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက အောက်တိုဘာ ၁၁ ရက်နေ့က သတ်မှတ်ဈေးနှုန်းများဖြင့် မတ်ပဲနှင့်ပဲစင်းငုံတို့ကို ဝယ်ယူပေးခဲ့ခြင်းဖြစ်ပြီး ၁၂ ရက်နေ့တွင် ကုန်သည်တစ်ဦးက ပဲစင်းငုံတန်ချိန် ၃၆၀ ပထမဆုံးလာ ရောက်ရောင်းချခဲ့သည်။

S-04



FOLLOW US