News

POST TAGGED AS

အိန္ဒိယ

ပဲစင်းငုံပေါ်ချိန်အထိ အိန္ဒိယက ဝယ်ယူရန် မရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အစိုးရချင်းညှိနှိုင်းရေး လက်မှတ် (G to G)စနစ်ဖြင့် မြန်မာ့ပဲကို ပြန်လည် ဝယ်ယူနိုင်ရန် ပဲဝယ်ယူရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန် အိန္ဒိယက စီစဉ်နေသော်လည်း ပဲစင်းငုံအသစ်များ ထွက်ပေါ်မည့်ကာလအထိပင် ပြန်လည်ဝယ်ယူဖွယ် မရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

ပဲစင်းငုံအသစ်သည် လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ပေါ်ပေါက်မည်ဖြစ်ပြီး အိန္ဒိယ၏ မတ်ပဲနှင့် ပဲစင်းငုံ ဝယ်ယူခွင့်ကို ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ကန့်သတ်ထားသည်ဟု ဆိုသော်လည်း G to G စနစ်ဖြင့် ဝယ်ယူပေးနိုင်သော်လည်း လက်ရှိ အခြေအနေအရ ပြန်လည် ဝယ်ယူပေးနိုင်ဖွယ် မရှိကြောင်း ပြီးခဲ့သည့်လအတွင်းက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အိန္ဒိယခရီးစဉ်သို့ လိုက်ပါသွားခဲ့သည့် ပဲနှမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“MoU ထိုးနိုင်ဖို့ ကျွန်တော်တို့ဘက်က အရင်လတုန်းက အိန္ဒိယကို သွားတွေ့တယ်။ သူတို့ဘက်ကတော့ အေးအေးဆေးဆေးပဲ။ ဘာမှမလောဘူး။ ကျွန်တော်တို့ကသာ လောနေရတာ”ဟု ၎င်းက ပြောဆိုသည်။

ပဲသစ်ပေါ်ချိန်အထိ အိန္ဒိယမှ ပြန်လည် ဝယ်ယူခြင်းမရှိပါက တောင်သူနှင့် ကုန်သည်များအတွက် အခက်အခဲ များစွာ ဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းကလည်း ပဲဝယ်ယူပေးနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အိန္ဒိယ၏ ပဲဝယ်ယူရေးအဖွဲ့ကို အစားအစာနှင့် စားသုံးသူရေးရာ ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွဲ့စည်းရန် စီစဉ်နေခြင်း ဖြစ်သော်လည်း မြန်မာအစိုးရဘက်က မြန်မာ့ပဲ ပြန်လည် ဝယ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးအတွက်ကိုမူ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

“ညှိတာတော့ ညှိထားတယ်။ ဘာမှတော့ မထူးခြားသေးဘူး။ ဘာမှလည်း အကြောင်း မကြားသေးဘူး”ဟု စီးပွားကူးသန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပဲစင်းငုံအသစ်များ ထွက်ပေါ်မည့်ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းတွင် ကျပ် ၁၅ ဘီလီယံ အသုံးပြု၍ ပဲဝယ်ယူပေးမည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အလိုက် ကော်မတီများ ဖွဲ့စည်း၍ ဝယ်ယူမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိပဲဈေးကွက် အခြေအနေသည် နီပေါနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဝယ်ယူနေသည်ဟု ဆိုသော်လည်း ပဲဈေးနှုန်းမှာ အကျပိုင်းသို့သာ ရောက်ရှိနေပြီး နှစ်ပတ်အတွင်း ပဲတစ်တန်လျှင် ကျပ် ၁၃,ဝ၀ဝ မှ ၃၂,ဝ၀ဝ အထိ ကျဆင်းကြောင်း လက်ရှိ ပဲဈေးနှုန်းသည် မတ်ပဲ(FAQ)တစ်တန်လျှင် ကျပ် ၄၇၀,ဝ၀ဝ၊ မတ်ပဲ (SQ)တစ်တန်လျှင် ၆၃၆,ဝ၀ဝ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၃၂၇,ဝ၀ဝ ခန့်ဈေးရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US