POST TAGGED AS

အိန္ဒိယ

11-Oct-2017

ပဲ အိန္ဒိယ
နီပေါက မြန်မာ့ပဲမျိုးစုံဝယ်ရန် ကမ်းလှမ်း
ရန်ကုန်၊ အောက်တိုဘာ ၁၀

အိန္ဒိယသို့တင်ပို့ခွင့် အကျပ်အတည်း ဖြစ်နေသော မြန်မာ့ပဲမျိုးစုံကို ဝယ်ယူရန် နီပေါနိုင်ငံဘက်က ကမ်းလှမ်းထားပြီး မည်သည့် ပဲအမျိုးအစားများကို ဝယ်ယူမည်ကို ဆွေးနွေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံက ပြည်ပပို့ ပဲများဖြစ်သည့် ပဲစင်းငုံနှင့် ကုလားပဲတို့သည် နီပေါနိုင်ငံက စားသုံးသည့် ပဲအမျိုးအစားတွင် ပါဝင်နေသည့်အတွက် ယင်းပဲများ တင်ပို့နိုင်ရန် ကနဦး ဆွေးနွေးထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ဘယ်လောက်ပို့မယ်ဆိုတာတော့ မဆွေးနွေးရသေးဘူး။ လတ်တလောတော့ ဘယ်ပဲအမျိုးအစားတွေ ပို့လို့ရနိုင်မလဲပဲ ဆွေးနွေးထားတယ်”ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောဆိုသည်။

လတ်တလော၌ မြန်မာ့ပဲအချို့ကို အိန္ဒိယနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲတန်အနည်းငယ်သာ နှစ်စဉ် တင်ပို့လျက်ရှိကြောင်း၊ သို့သော် နီပေါနိုင်ငံ၏ ပဲဝယ်ယူမှုမှာ နည်းပါးသည့်အတွက် လက်ရှိ ပဲဈေးကွက်ကို အပြောင်းအလဲ ဖြစ်ပေါ်နိုင်မည် မဟုတ်ကြောင်း ပဲကုန်သည်များက မှတ်ချက်ပြုသည်။

“နီပေါကို ကာလကတ္တားကနေ Transit သွားတယ်လေ။ ဒါပေမဲ့ ဝယ်လိုအားက တော်တော်နည်းတယ်။ ဘာမှ အပြောင်းအလဲ ဖြစ်နိုင်ခြေမရှိဘူးဆိုပေမယ့် ဒီလိုဝယ်မယ် ဆိုတာတော့ ကောင်းပါတယ်”ဟု ပဲကုန်သည်တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

လက်ရှိပဲဈေးကွက်တွင် ပြည်ပပို့ ပဲများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲအရောင်းအဝယ်မှာ အေးစက်နေဆဲဖြစ်ပြီး ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US