News

POST TAGGED AS

အိန္ဒိယ

27-Aug-2017

ပဲ အိန္ဒိယ
အိန္ဒိယတွင် ပဲထွက်နှုန်းကောင်း၍ ပဲတင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်ဟု အိန္ဒိယ သံအမတ်ဆို
ရန်ကုန်၊ သြဂုတ် ၂၆

အိန္ဒိယနိုင်ငံတွင်  ယခုနှစ် ပဲအထွက်နှုန်းမှာ  ၄၀ ရာခိုင်နှုန်း တိုးလာပြီး ပဲဈေးများ ကျဆင်းကာ တောင်သူများ၏ ထိခိုက်မည့် အခြေအနေ ဖြစ်နေသောကြောင့် ပြည်ပမှ ပဲတင်သွင်းမှုကို  ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri က ပြောကြားသည်။

အိန္ဒိယ၏ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများ တင်သွင်းခွင့် ကန့်သတ်ထားခြင်းကို ဖြေရှင်းနိုင်ရေးနှင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား တည်ငြိမ်သည့် ပဲကုန်သွယ်မှု ရရှိရေးအတွက် သြဂုတ်လ ၂၆ ရက်တွင်  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များက  အိန္ဒိယသံအမတ်နှင့် တွေ့ဆုံညှိနှိုင်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

၁၉၈၇ ခုနှစ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ၏ မြန်မာနိုင်ငံ ခရီးစဉ်မှ စတင်ခဲ့သည့် နှစ် ၃၀ ကြာ နှစ်နိုင်ငံ ပဲကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် ယခုကဲ့သို့ မတွေ့ကြုံခဲ့ဖူးကြောင်း၊ ကြိုတင်အသိပေး ညှိနှိုင်းခြင်းမရှိဘဲ ကန့်သတ်ချက် ရုတ်တရက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြေရှင်းရန် ပိုမိုခက်ခဲကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့ထားပြီး လမ်းခုလတ်တွင် ရောက်နေသည့် ကုန်သေတ္တာများနှင့် ပတ်သက်၍ ဖြေရှင်းစီစဉ်ပေးနိုင်ရေးကို ဆွေးနွေးကြပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါမိုဒီ၏ မြန်မာနိုင်ငံသို့ လာရောက်မည့် စက်တင်ဘာခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံချိန်၌ တင်ပြဆွေးနွေးရန်နှင့် လက်ရှိအခက်အခဲများ ကို နှစ်ဖက်ပူးပေါင်းကာ ကျော်လွှားနိုင်မည့် နည်းလမ်းများရှာဖွေရန် သဘောတူညီခဲ့ကြသည်။

ယခုဖြစ်ပေါ်နေသည့် အခက်အခဲများကို ဖြေရှင်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲတင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေးလုပ်ဆောင်မည် ဖြစ်ကာ ပဲရောင်းဝယ်မှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) လက်မှတ်ကို အစိုးရချင်း ညှိနှိုင်းဆွေးနွေးသည့်စနစ် (G to G) ဖြင့် လက်မှတ်ရေးထိုး တင်ပို့နိုင်ရန် ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လက်ရှိအိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် ကန့်သတ်ထားခြင်းကြောင့် မြန်မာ့ အဓိကပဲဈေးကွက် ဖြစ်သည့် ဘုရင့်နောင် ဈေးကွက်ကို ပိတ်ထားရသည့်အပြင် နယ်ဈေးကွက်များမှာလည်း ရပ်ဆိုင်းထားရသည်။

သြဂုတ်လ ၂၅ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးချုပ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အပါအဝင် ပဲလုပ်ငန်းရှင်များနှင့် ရှေ့ဆက် ပြည်ပပို့ပဲကဏ္ဍနှင့် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရေး ဆွေးနွေးခဲ့သည်။ 

S-04



FOLLOW US