POST TAGGED AS

အိုဘားမား

19-Dec-2016

အိုဘားမား
သမ္မတသက်တမ်း ပြည့်မြောက်ပြီးနောက် အိုဘားမား နေထိုင်မည့် ဒေါ်လာ ၅ ဒသမ ၃ သန်းတန် အိမ်
လက်ရှိ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားဟာ အိမ်ဖြူတော်မှာ ဆက်လက်နေထိုင်ရမယ့် ကာလက ၁ လခန့်သာ ကျန်ရှိတော့ပါတယ်။

သမ္မတသက်တမ်း ပြည့်မြောက်လို့ အိမ်ဖြူတော်က ထွက်ခွာတဲ့အခါမှာ အိုဘားမားဟာ ဝါရှင်တန်မှာပဲ ဆက်လက်နေထိုင်သွားမှာ ဖြစ်ပြီး အဲဒီအတွက် ဒေါ်လာ ၅ ဒသမ ၃ သန်းတန် အိမ်ကိုလည်း အသင့်ဖြစ်အောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အိုဘားမားတို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ၁၅ နှစ်အရွယ် သမီးဖြစ်သူ ဆာရှာအိုဘားမား တစ်ယောက် အထက်တန်းပြီးအောင် ကျောင်းဆက်တက်နိုင်ဖို့အတွက် ဝါရှင်တန်ဒီစီမှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အိုဘားမား ဝယ်ယူထားတဲ့ အိမ်ဟာ ၁၉၂၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အိပ်ခန်း ၉ ခန်းပါ အိမ်ကြီး ဖြစ်ပါတယ်။

TMZ သတင်းဌာနက ရရှိထားတဲ့ ဆောက်လုပ်ရေးပါမစ်တွေအရ ဆိုရင်တော့ အိုဘားမားဟာ ယင်းအိမ်ကို အဆင့်မြင့် လုံခြုံရေးစနစ်တွေ တပ်ဆင်သွားဖို့ ရှိနေပြီး အိမ်တွင်း ရုံးခန်း ၂ ခန်းလည်း ထည့်သွင်းတည်ဆောက်သွားဖို့ ရှိနေတာကို တွေ့ရပါတယ်။

အိမ်တွင်း ရုံးခန်း ၂ ခန်း ထည့်သွင်းတည်ဆောက်မှုကြောင့် အိုဘားမားတို့ ဇနီးမောင်နှံ အနေနဲ့ အိမ်ကနေပဲ အလုပ်တွေ ဆက်လုပ်သွားဖို့ ရှိနေတယ်လို့ အမေရိကန် မီဒီယာတွေက ယူဆလျက် ရှိပါတယ်။

မီရှယ်လ်အိုဘားမားဟာ Let Girls Learn ဆိုတဲ့ အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့သူ ဖြစ်ပြီး အမျိုးသမီးများ ပညာတက်မြောက်ရေး လုပ်ငန်းကို သမ္မတကတော် တစ်ယောက် အနေနဲ့ သာမကဘဲ တစ်သက်လုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားသူ ဖြစ်ပါတယ်။

အိုဘားမားကတော့ ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရပြီးနောက်မှာ သူသာမန်နိုင်ငံသား တစ်ယောက် ပြန်ဖြစ်တဲ့ အချိန်မှာ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်သွားပြီး အမေရိကန်ပြည်ထောင်စုအတွက် တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref: Daily Mail



FOLLOW US