News

POST TAGGED AS

အိုဘားမား

သမ္မတထရမ့်ကို နိုင်ငံသားတစ်ယောက် အနေနှင့် ဝေဖန်သွားမည်ဟု အိုဘားမားဆို
လီမာ၊ နိုဝင်ဘာ ၂၁

သမ္မတနေရာ ဆက်ခံသူ ဒေါ်နယ်ထရမ့်သည် အဓိကကျသော အမေရိကန် တန်ဖိုးများကို ခြိမ်းခြောက်လာပါက နိုင်ငံသားတစ်ယောက် အနေနှင့် ဝေဖန်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

ပုံမှန်အားဖြင့် ဆိုပါက သမ္မတဟောင်းများသည် နိုင်ငံရေး အရှုပ်အထွေးများမှ ကင်းကင်းနေလေ့ရှိပြီး ဆက်ခံသူ သမ္မတအပေါ် မှတ်ချက်ပေးလေ့ မရှိကြပေ။

ထရမ့်၏ မျှော်မှန်းချက်များ ချပြနိုင်ရန် အချိန်ပေးမည်ဖြစ်သော နိုင်ငံသားတစ်ယောက် အနေနှင့် အချို့ကိစ္စများကို မှတ်ချက်ပေး ဝေဖန်သွားမည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

ထရမ့်သည် သူ့အစိုးရအဖွဲ့သစ် ထိပ်တန်းရာထူး နေရာများအတွက် လျာထားသူများနှင့် တွေ့ဆုံညှိနှိုင်းလျက် ရှိသည်။

“ရာထူးဂုဏ်သိမ်ကို လေးစားရမှာ ဖြစ်သလို သမ္မတနေရာ တင်မြှောက်ခံထားရသူက သူ့မူဝါဒနဲ့သူ့ အကြောင်းပြချက်တွေ ချပြဖို့ မလိုအပ်ဘဲ၊ ဝေဖန်တာတွေ မလုပ်ဘဲ အခွင့်အရေး ပေးရမှာပါ” ဟု ပီရူးနိုင်ငံ လီမာမြို့တွင် ကျင်းပသော အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်တို့၏ တန်ဖိုးထားမှုများ၊ စံပြုချက်များအပေါ် မေးခွန်းထုတ်စရာ ကိစ္စများ ပေါ်ပေါက်လာပါကမူ ကိုယ့်တိုင်းပြည်ကို အလေးထားသော နိုင်ငံသားတစ်ယောက်အဖြစ် ယင်းတန်ဖိုးများကို ခုခံကာကွယ်ရန် လိုအပ်သည်ဟု ခံယူထားကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

မိမိရှေ့မှ သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ကဲ့သို့ပင် ထရမ့်၏ အစိုးရအဖွဲ့သစ်ကို ပရော်ဖက်ရှင်နယ်ဆန်သော ပျူငှာမှုဖြင့် ကြိုဆိုကူညီသွားမည် ဖြစ်သည်ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

သမ္မတဘုရှ်သည် ရာထူးမှ အနားယူပြီးနောက်ပိုင်း အိုဘားမား အစိုးရအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ 

၂၀၁၃ ခုနှစ် အိုဘားမား ဒုတိယသမ္မတ သက်တမ်းရွေးကောက်ခံရပြီး နောက်ပိုင်း အိုဘားမားအပေါ် အမြင်ကို စီအင်န်အင်န်က မေးမြန်းခဲ့ရာ၌ ဝေဖန်ခြင်းဖြင့် “ဘာမှအကျိုးရှိမယ်လို့ မထင်ဘူး” ဟု ဘုရှ်က ဖြေကြားခဲ့သည်။

“ဒါက ခက်ခဲတဲ့အလုပ်ပါ။ သူ့မှာ ကိစ္စတွေ တပုံတပင်နဲ့ပါ။ ဒါက မလွယ်ပါဘူး။ သမ္မတဟောင်းတစ်ယောက် အနေနဲ့ ဒါကို ပိုခက်အောင် သွားမလုပ်ချင်ပါဘူး။ တခြားသမ္မတတွေကတော့ ဒီလိုဆုံးဖြတ်ချင်မှ ဆုံးဖြတ်မှာ ဖြစ်ပေမယ့် ဒါကတော့ ကျွန်တော့်အမြင်ပါ” ဟု ဘုရှ်က ပြောကြား ခဲ့ဖူးသည်။ 

ဘုရှ်ရှေ့မှ သမ္မတများသည်လည်း အလားတူပင် နောက်တက်သည့် သမ္မတများကို ဝေဖန်ပြောဆိုလေ့ မရှိခဲ့ပေ။

အိုဘားမားကမူ နိုင်ငံသားတစ်ယောက် အနေနှင့် လိုအပ်လာလျှင် ဝေဖန်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ 



FOLLOW US