News

POST TAGGED AS

အိုဘားမား

ကြမ်းတမ်းခက်ထန်သော အမျိုးသားရေးဝါဒ ကြီးထွားလာကြောင်း အိုဘားမား သတိပေး
ဝါရှင်တန်၊ နိုဝင်ဘာ ၁၆

အီးယူမှ ဗြိတိန်နုတ်ထွက်မှု (Brexit) ကိစ္စနှင့် အမေရိကန် သမ္မတရွေးပွဲ ကိစ္စ ပေါ်ပေါက်အပြီးတွင် သမ္မတ အိုဘားမားက “ကြမ်းတမ်းခက်ထန်သော အမျိုးသားရေးဝါဒ ကြီးထွားလာကြောင်း” သတိပေး ပြောဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သမ္မတသက်တမ်းအတွင်း နောက်ဆုံး နိုင်ငံခြားခရီးစဉ်တွင် ဂရိ၌ မိန့်ခွန်းပြောကြားသည့် အိုဘားမားက “သူ့ဘက်၊ ကိုယ့်ဘက် ခွဲခြားမှုအပေါ်တွင် အခြေတည်ထားသော လူမျိုးရေးဝါဒကို ဆန့်ကျင်ကာကွယ်ကြရမည် ဖြစ်ကြောင်း၊ လူမျိုးရေးနှင့် ဘာသာရေး စည်းများခွဲခြားသည့် အန္တရာယ်ကို အမေရိကန်ပြည်ထောင်စုက နာကျင်စွာခံစား သိရှိထားကြောင်း” ပြောဆိုသွားသည်။

ဒေါ်နယ်ထရမ့်၏ အောင်ပွဲကိုလည်း “လှုပ်ခတ်သွားရုံမျှသာ ရှိသည့် အမေရိကန် ပြည်သူတို့၏ အမြင်” ဟု အိုဘားမားက လျှော့ပေါ့ပြောဆိုခဲ့သည်။

အိုဘားမားသည် ဂျာမနီနှင့် ပီရူးသို့ ခရီးဆက်သွားမည့် ခရီးတွင် ဂရိနိုင်ငံ အေသင်၌ တစ်ထောက်နားကာ ဝန်ကြီးချုပ် အလက်ဆစ်ဆီပရပ်စ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထရမ့်၏ အောင်ပွဲကြောင့် အံ့အားသင့်ခဲ့ရသည်ဟု အိုဘားမားက ထပ်မံပြောဆိုသည်။ 

“စိတ်ဖိစီးမှုတွေ များလာတဲ့အခါ လူတွေဟာ အပြောင်းအလဲက ယူဆောင်လာမယ့် အရာကို လုံးလုံးလျားလျား စိတ်ချယုံကြည်မှု မရှိပေမယ့်လည်း အပြောင်းအလဲကိုပဲ ရွေးချယ်လေ့ ရှိကြတယ်။ ကျွန်တော် ရလိုက်တဲ့ သင်ခန်းစာကတော့ မညီမျှမှု၊ စီးပွားရေး အခြေပျက်မှု၊ လူထုရဲ့ စိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးရမယ် ဆိုတဲ့ အချက်ပါပဲ။ လူတွေက ကမ္ဘာပေါ်မှာ သူတို့ရဲ့ အမျိုးသားလက္ခဏာနဲ့ နေရာမရေမရာ ဖြစ်နေပြီလို့ ယူဆလာကြပြီး လက်ဝဲ၊ လက်ယာ နှစ်ဖက်စလုံးမှာ အများကြိုက် လှုပ်ရှားမှုတွေ ပေါ်ထွက်လာစေတာကို Brexit နဲ့ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေက ပြသနေပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

ကိုးကွယ်မှုဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို စုပေါင်းထားခြင်းသည် အန္တရာယ်ရှိသော အရောအနှောဟု ၎င်းက ဆိုသည်။ “အခုတော့ စိုးရိမ်နေတဲ့၊ စိတ်ဆိုးနေတဲ့ ပြည်သူတွေကို ကျေနပ်အောင်လုပ်ဖို့ လိုလာပြီ။ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပေါ့” ဟု အိုဘားမားက ပြောကြားသည်။ 

ထို့အပြင် ၎င်းသည် တိုင်းပြည်အတွက် အကောင်းဆုံး အကြံဉာဏ်များကို မစ္စတာထရမ့်ထံ တင်ပြကာ အသွင်ကူးပြောင်းမှု ချောမွေ့စေရေးအတွက် တာဝန်ရှိသည်ဟု အိုဘားမားက ပြောကြားသည်။

သမ္မတ အိုဘားမားသည် ဥရောပတွင် ဝင်ရောက်ရပ်နားစဉ် နိုင်ငံတကာ မဟာမိတ်များအား အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်များကို ထပ်မံ အာမခံချက်ပေးရန် ကြိုးစားသွားမည် ဖြစ်သည်။

အိုဘားမားနှင့် ဝန်ကြီးချုပ် ဆီပရပ်စ်တို့ နှစ်ဦးသည် မိနစ် ၃၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်၏ အကြောင်းကို ရှောင်လွှဲပြောဆိုသွားခဲ့ကြသည်။ 

ထရမ့်နှင့် ပတ်သက်သည့် မေးခွန်းများကို အိုဘားမားက စကားလုံးများ ဂရုတစိုက် ရွေးချယ်ကာ ဖြေကြားခဲ့သည်။ 

ရာထူးစွန့်မည့် သမ္မတက နောက်တက်မည့်လူကို နွေးထွေးစွာ ဂုဏ်ပြုခြင်း၊ နိုင်ငံခြားခရီးစဉ်တွင် ပြည်တွင်းမှ ပြိုင်ဘက်များကို ပြစ်တင်ဝေဖန်မှု မလုပ်ခြင်းဟူသော အမေရိကန်ဓလေ့ နှစ်ခုကို အိုဘားမားက  လိုက်နာခဲ့သည်။ 

အများကြိုက် လှုပ်ရှားမှုဖြင့် အာဏာရလာခဲ့သူ ဝန်ကြီးချုပ် ဆီပရပ်စ်က ထရမ့် အကြောင်းကို များများမသိဟု ပြောကြားသွားသည်။ အမေရိကန်ပြည်ထောင်စုသည် ဥရောပနှင့် နေတိုးအတွက် ကတိကဝတ်များ စွာကို တာဝန်ယူထားသည့် အလျောက် ဝန်ကြီးချုပ် ဆီပရပ်စ်သည် အိုဘားမား ချပေးထားသော လမ်းကြောင်းအတိုင်း လိုက်ပါလှုပ်ရှားလျက် ရှိသည်။ 

သို့ရာတွင် ဂရိနိုင်ငံအတွက် ကြွေးမြီသက်သာခွင့်ကို အိုဘားမား စည်းရုံးပေးသကဲ့သို့ ထရမ့်က လိုက်လုပ်နိုင်ဖွယ် မရှိခြင်းကို ဂရိတို့က စိုးရိမ်နေကြသည်။

အမေရိကန်ပြည်ထောင်စုက နေတိုးအုပ်စုအပေါ် ထားရှိသော ကတိကဝတ်များကို ဆက်လက်ထိမ်းသိမ်းရန် ဒေါ်နယ်ထရန့်က အထူးတလည် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားသည်ဟု အိုဘားမားက ဝါရှင်တန်မှ မထွက်ခွာမီ ပြောကြားခဲ့သည်။ 

နေတိုးအဖွဲ့ဝင် နိုင်ငံများအပေါ် အမေရိကန်က ကာကွယ်ပေးမည့် အာမခံချက်များကို လျှော့ပစ်မည်ဟု ထရမ့်က မဲဆွယ်စဉ် ပြောဆိုဖူးသောကြောင့် ရုရှား၏ ကျူးကျော်မှု အန္တရာယ်ကို ကြောက်နေရသော ဘောလ်တစ် နိုင်ငံများက စိုးရိမ်ပူပန်နေကြသည်ဟု သိရှိရသည်။

သမ္မတ အိုဘားမား ဗုဒ္ဓဟူးနေ့ မထွက်ခွာမီ အချိန်အထိ အေသင်နှင့် နိုင်ငံတကာလေဆိပ် အနီးတစ်ဝိုက်တွင် လူထုစည်းဝေးပွဲများ မပြုလုပ်ရန် ရဲတပ်ဖွဲ့က တားမြစ်ထားသော်လည်း လက်ဝဲယိမ်း အုပ်စုများက ဆန္ဒပြပွဲပြု လုပ်ခဲ့သောကြောင့်  ရဲများက မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုကာ လူစုခွဲခဲ့ရသည်။    



FOLLOW US