POST TAGGED AS

အိုဘားမား

လာအိုတွင် ကြဲချခဲ့သည့် ဗုံးများရှင်းလင်းရန် အမေရိကန်တွင် ကိုယ်ကျင့်တရားအရ တာဝန်ရှိသည်ဟု အိုဘားမား ပြောကြား
ဗီယန်ကျင်း၊ စက်တင်ဘာ ၇

ဗီယက်နမ်စစ်ပွဲ ကာလအတွင်း အမေရိကန်တပ်များက လာအိုတွင် ကြဲချခဲ့သည့် ဗုံးများကို ရှင်းလင်းရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် လေးနက်သည့် ကိုယ်ကျင့်တရားနှင့် လူသားချင်း စာနာမှုဆိုင်ရာ တာဝန်ဝတ္တရား ရှိသည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက စက်တင်ဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗုံးတွဲ ၈ သန်းခန့်မှာ မပေါက်ကွဲဘဲ လယ်မြေများအပေါ် ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင်မှ ပေါက်ကွဲကာ လူ ၂၀၀၀ ခန့် သေဆုံး၊ ဒဏ်ရာရစေခဲ့သည်။

အဆိုပါ ဗုံးများကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ကုသပေးနေသည့် လာအိုမြို့တော် ဗီယန်ကျင်းမှ ခြေတုလက်တုနှင့် ထောက်ကူပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရေးလုပ်ငန်း (COPE) သို့ အိုဘားမား သွားရောက်လည်ပတ်စဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လာအိုမှာ၊ COPE မှာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က ကြဲချခဲ့တဲ့ ဗုံးတွေကြောင့် ထိခိုက်နစ်နာရသူတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ စစ်ပွဲတွေက ကြီးမားကျယ်ပြန့်တဲ့ ကုန်ကျမှုတွေ ဖြစ်စေပြီးတော့  ဒါတွေအများစုဟာ မရည်ရွယ်ဘဲ ဖြစ်ခဲ့ရတယ် ဆိုတာကို အခု မြင်တွေ့နေရတာတွေက ပြန်ပြီး သတိပေးနေပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

စစ်ပွဲသည် သမိုင်းစာအုပ်များထဲတွင်  ပါဝင်သူများထက် ကျော်လွန်ပြီး မရေမတွက်နိုင်သော ပြည်သူများကိုပါ သက်ရောက်မှု ရှိခဲ့သည်ဟု အိုဘားမားက ပြောကြားခဲ့သည်။

လာမည့်သုံးနှစ်အတွင်း ဗုံးဒဏ်မှ  အသက်ရှင်ကျန်ခဲ့သူများ ကူညီရေးနှင့် ဗုံးရှင်းလင်းရေး လုပ်ငန်းများအတွက် အမေရိကန်က ရန်ပုံငွေ နှစ်ဆတိုးပေးမည်ဟု ကြေညာခဲ့ပြီး နောက်တစ်ရက်အကြာတွင် COPE သို့ အိုဘားမား သွားရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

အိုဘားမားသည် စက်တင်ဘာလ ၇ ရက်နေ့ နှောင်းပိုင်းတွင် အမေရိကန် ထောက်ပံ့ပေးထားသော ခေါင်းဆောင်မှု အစီအစဉ်မှ လူငယ်များနှင့်လည်း တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။  



FOLLOW US