News

POST TAGGED AS

အိမ်အကူ

ပဲခူးတွင် ရေစကြီး

တောင်ငူ၊ ဇူလိုင် ၂၄

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့များတွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှစတင်ပြီး စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သည့်အတွက် လူနေအိမ်ခြေ ၂၀၀ ကျော် ရေဝင်ပြီး နစ်မြုပ်နေကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

မဒေါက်မြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာဖြစ်သော်လည်း ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းတွင်စတင်ပြီး ယင်းရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၄ ရက်နေ့သို့ရောက်ရှိချိန်တွင် စိုးရိမ်ရေမှတ်အထက် ၄၀ စင်တီမီတာနီးပါးအထိ ကျော်လွန်ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

“မဒေါက်မှာ မြစ်ကမ်းနဲ့နီးတဲ့ နေရာတွေမှာ မြစ်ရေ ဝင်နေပြီဆိုပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားမျိုး မရှိသေးဘူး”ဟု မဒေါက်ဒေသခံ ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ပြောဆိုသည်။

မြစ်ရေ ဝင်နစ်မြုပ်နေသည့် ကျေးရွာများမှာ ရွှေကျင်မြို့ ဘောကထာချောင်းအနီး ကျေးရွာများနှင့် ရွှေကျင်မြို့နယ် သက်ကယ်ကုန်း၊ စပ်စု၊ စံပဲ ကျေးရွာများဖြစ်ပြီး အများစုက မြစ်ကမ်းတစ်ဝိုက် ကျေးရွာများဖြစ်သည့်အတွက် အခက်အခဲရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ရွှေကျင်ချောင်းနှင့် စစ်တောင်းမြစ်ရေ တက်လာပါက ကူညီကယ်ဆယ်ရေးအတွက် ဌာနဆိုင်ရာပေါင်းစုံဖြင့် အဖွဲ့ဖွဲ့ စည်းထားပြီး လက်ရှိမြစ်ရေဝင် နစ်မြုပ်နေသည့် မောင်းကုန်းကျေးရွာ အိမ်ခြေ ၁၄ အိမ်ကို တပ်မတော်၊ မီးသတ်နှင့် ဌာနဆိုင်ရာများဖြင့် ရွာဦးဘုန်းကြီးကျောင်း ဓမ္မာရုံသို့ ရွှေ့ပြောင်းပေးနေကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောကြားသည်။

ရွှေကျင်မြို့တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က မိုးရွာသွန်းမှုများပြီး ရွှေကျင်ချောင်းနှင့် စစ်တောင်းမြစ်ရေ မြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စု ၁၈၀ ခန့်မှ မိသားစုများ ရေလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲတစ်နာရီခွဲ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ကြီးချောင်း ရေမြင့်တက်မှုကြောင့် ကျောက်ကြီးမြို့ရှိ လူနေအိမ် ၃၄ လုံး ရေနစ်မြုပ်ပြီး ယာယီ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-15



FOLLOW US