News

POST TAGGED AS

အိမ်အကူ

အိန္ဒိယတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး သရုပ်ပြလှုံ့ဆော်သူများ မုဒိမ်းကျင့်ခံရ
နယူးဒေလီ၊ ဇွန် ၂၄

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လမ်းမပေါ်တွင် သရုပ်ပြ တင်ဆက်သူများအနက်မှ အမျိုးသမီးများမှာ သေနတ်ဖြင့်ထောက်ပြီး စုဖွဲ့မုဒိမ်းကျင့်မှု ခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အမျိုးသမီးများကို ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသူမနီးသည့်နေရာတွင်မှ စုဖွဲ့မုဒိမ်းကျင့်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သော်လည်း မည်သည့်ဖမ်းဆီးမှုကိုမျှ လုပ်ဆောင်ထားခြင်း မရှိသေးပေ။

အဆိုပါအမျိုးသမီးများမှာ ဝေးလံခေါင်သီသည့် ခွန်တီခရိုင်တွင် လူကုန်ကူးမှုအကြောင်း သိရှိသဘောပေါက်စေရန် လှုံ့ဆော်ပေးသည့် အန်ဂျီအိုတစ်ခုမှ ဖြစ်သည်။

အိန္ဒိယတွင် ၂၀၁၆ ခုနှစ်အတွင်း တိုင်ကြားသည့် မုဒိမ်းမှုပေါင်း ၄ သောင်းခန့်ရှိခဲ့သော်လည်း မတိုင်ကြားရဲသောကြောင့် သိခွင့်မရသည့် အမှုအခင်းများ ထို့ထက် များပြားစွာရှိနေသည်ဟု ယူဆရသည်။

 “သူတို့က သရုပ်ပြတင်ဆက်အပြီးမှာ မစ်ရှင်ကျောင်းတစ်ခုကို သွားကြပါတယ်။ တစ်ချိန်တည်းမှာ လက်နက်ကိုင် လူတစ်စုက အဲဒီကျောင်းကို ရောက်လာပါတယ်။ သူတို့အဖွဲ့ထဲက မိန်းကလေး ငါးယောက်ကို တောထဲဖမ်းခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ လူ အများအပြားကို စစ်ဆေးဖို့ ကျွန်တော့်တို့ သီးသန့်အဖွဲ့ သုံးဖွဲ့ခွဲပြီး လုပ်ဆောင်နေပါတယ်”ဟု ရဲအရာရှိ အေဗွီဟွမ်ကားက BBC သို့ ပြောကြားသည်။

ယခုအခါ အမျိုးသမီးငါးဦးကို ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးထားပြီး ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေသည်ဟု သိရသည်။

မုဒိမ်းသမားများသည် ဒေသသို့ အပြင်လူများလာရောက်မှုကို လုံးဝ သဘောမကျသည့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ကို ထောက်ခံသူများဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက ယူဆထားကြသည်။

အဆိုပါ အဖွဲ့အပေါ် ခရိုင်တွင်းရှိဌာန တိုင်းရင်းသား အများအပြားကလည်း ထောက်ခံထားကြပြီး ဒေသသို့ အပြင်လူများ မလာရန် ဆိုင်းဘုတ်များ ထောင်ထားခြင်းပါရှိသည်ဟု သိရသည်။

F-03



FOLLOW US