News

POST TAGGED AS

အိမ်အကူ

06-Jun-2018

အိမ်အကူ
တွံတေးမှ အိမ်အကူသေဆုံးမှု ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကူညီမည်
ရန်ကုန်၊ ဇွန် ၆

တွံတေးမြို့နယ် အုတ်ဖိုကျေးရွာမှ အိမ်အကူ အမျိုးသမီး ကရင်မ(ခ) မခင်စန္ဒာဦး သေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်စေရန် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ကူညီမည်ဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

ကရင်မ (ခ) မခင်စန္ဒာဦးသည် ပဲခူးတိုင်း၊ အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ အရာရှိ လင်မယားနေအိမ်တွင် လွန်ခဲ့သည့် ခြောက်လခန့်က အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် အိမ်ရှင် ဥပဒေအရာရှိ အမျိုးသမီးနှင့် အဖော်အမျိုးသမီးတစ်ဦးတို့က ကရင်မ (ခ) မခင်စန္ဒာဦးကို အုတ်ဖိုရှိနေအိမ်သို့ ကျန်းမာရေး ချို့တဲ့သဖြင့် ပြန်လည် ပို့ဆောင်ခဲ့ပြီး ယင်းနေ့မှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

“အမှုမှန်ပေါ်ပေါက်ဖို့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို အကူအညီ တောင်းတဲ့အခါ သူတို့ဘက်က ကူညီမယ်ပြောတယ်။ ဒီရက်ထဲ သူတို့နဲ့ ဆွေးနွေးဖို့ ရှိတယ်။ ဥပဒေအရာရှိဆိုတော့ အမှုမှန်ပေါ်အောင်တော့ တော်တော်လေး လုပ်ရမယ်။ ဇွန် ၁၄ ရက်မှာတော့ ရုံးချိန်းရှိတယ်”ဟု ဒေါက်တာကျော်ဇင်ဦးကဆိုသည်။

လက်ရှိတွင် အိမ်ရှင်အမျိုးသမီး ဥပဒေအရာရှိကို ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်း ဦးဆောင်သည့် တရားလွှတ်တော်ရှေ့နေများ၊ ဥပဒေပညာရှင်များပါဝင်သည့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သေဆုံးခဲ့သည့် အိမ်အကူ အမျိုးသမီးတွင် အသက် ၁၈ နှစ်အောက် သားနှင့်သမီး လေးဦး ကျန်ရှိခဲ့ပြီး ယင်းကလေးငယ် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိဘဏ်တွင် ဘဏ်အကောင့်ဖွင့်လှစ်ကာ သိန်း ၂၀ အပ်ထားပေးကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ယခုအမှုနှင့်ပတ်သက်ပြီး သေဆုံးခဲ့တဲ့ အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးဘက်မှ အုတ်ဖိုကျေးရွာ ရာအိမ်မှူးက တရားလိုလုပ် အမှုဖွင့်ထားပြီး ဘေးပတ်ဝန်းကျင်ရှိ ဒေသခံများက အသိသက်သေများအဖြစ် ထွက်ဆိုပေးမည်ဖြစ်ကြောင်းနှင့် အမှုမှန် ပေါ်ပေါက်စေရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန် တိုင်းဒေသကြီး လွှတ်တော်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်သွားမည်ဖြစ်သည်။

J-10



FOLLOW US