News

POST TAGGED AS

အိမ်အကူ

22-May-2018

အိမ်အကူ
အိမ်အကူကို သေဆုံးအောင် ရိုက်နှက်ခဲ့သော ဥပဒေရုံးဝန်ထမ်းကိုဖမ်းဆီး
ရန်ကုန်၊ မေ ၂၂

အိမ်မှ ရွှေဆွဲကြိုးခိုးသည်ဟုဆိုကာ အသက် ၄၀ အရွယ် အိမ်အကူ အမျိုးသမီးကိုစွပ်စွဲပြီး သေဆုံးအောင်အထိ ရိုက်နှက်နှိပ်စက်ခဲ့သော ဥပဒေရုံးဝန်ထမ်း အမျိုးသမီးကို မေလ ၂၁ ရက်က ဖမ်းဆီးအရေး ယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူခံထားသူ ဒေါ်သိင်္ဂီစုမှာ ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်ပြီး အင်းတိုင် သံချပ်ကာတပ်ရင်းရှိ အရာရှိရိပ်သာတွင် နေထိုင်သူဖြစ်ကြောင်း၊ မေလ ၁၉ ရက်က အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးကို ကျန်းမာရေး မကောင်းဟုဆိုကာ မခင်စန္ဒာဦး နေထိုင်သည့် တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၎င်းက လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။

“အိမ်အကူဖြစ်သူ ကျန်းမာရေး မကောင်းလို့ ပြန်လာပို့တာပါ ပြောသွားတယ်။ အိမ်အကူ ပိုင်ဆိုင်တဲ့ ငွေ တစ်သိန်း ရှစ်သောင်းကျပ်ပါ ရပ်မိရပ်ဖတွေရှေ့မှာ ပေးပြီးတော့မှ အိမ်ရှင်တွေက ပြန်သွားတာ။ သူတို့ပြန်သွားပြီးမှ မကရင်မကို အကြောင်းစုံ မေးမြန်းကြည့်တော့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံထားရမှန်း သိခဲ့ရပြီး ဆေးရုံတင်မလို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားရှာတာ”ဟု ရဲအရာရှိက ရှင်းပြသည်။

သေဆုံးသူက ဒေါ်သိင်္ဂီစုအိမ်တွင် အိမ်အကူလုပ်ကိုင်စဉ် ဆွဲကြိုးခိုးသည်ဟု ဒေါ်သိင်္ဂီစုက စွပ်စွဲပြောဆိုပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပြင် ဖြင့်ထုခြင်း ပြုလုပ်ခဲ့သောကြောင့် ကရင်မ (ခ) မခင်စန္ဒာဦး၏ ဦးခေါင်း၊ မျက်နှာနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ကို ရွာလူကြီးများကို ပြောပြခဲ့ပြီးနောက် ၎င်းကိုဆေးရုံသို့တင်ပို့ရန် ပြင်ဆင်နေချိန်တွင် သေဆုံးသွားသဖြင့် ရာအိမ်မှူး ဦးအေးသောင်းက ဒေါ်သိင်္ဂီစုကို အမှုဖွင့် အရေးယူပေးပါရန် တရားလိုပြု တိုင်ကြားခဲ့သည်။ 

သေဆုံးသူတွင် သားသမီး လေးဦးရှိပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းသေဆုံးခဲ့ရာ စီးပွားရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ကာ မိသားစုကို ထောက်ပံ့နေသူဖြစ်ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းဗိုက်ညိုမည်းစွဲဒဏ်ရာနှင့် အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ယင်းဒဏ်ရာများမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ဆေးစာအရ သိရှိရသည်။ 

ယင်းအမှုကို တွံတေးမြို့နယ်၊ ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားလိုနှင့် သက်သေများ၏ ထွက်ဆိုချက်များအရ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို တွံတေးမြို့နယ် တရားသူကြီး၏ ချုပ်မိန့်ရမန်ဖြင့် မေလ ၂၁ ရက်မှ ဇွန်လ ၁ ရက်အထိ အိမ်ရှင်အမျိုးသမီးကို တွံတေးမြို့မ ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03



FOLLOW US