News

POST TAGGED AS

အိမ်အကူ

အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့်ပက်သည့်အမှု ဥပဒေအကြံပေးမကျသဖြင့် ရမန်ထပ်ယူ


မန္တလေး၊ မတ် ၂၆

အိမ်အကူအမျိုးသမီးငယ်ကို အက်စစ်ဖြင့်လောင်းခဲ့သည်ဆိုသည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဒေါ်မိုးမိုးတို့ကို မတ်လ ၂၆ ရက်နေ့က ရုံးထုတ်သော်လည်း ဥပဒေအကြံပြုချက်မကျသေးသဖြင့် ချုပ်ရက်ရမန် ထပ်ယူကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှုကို တည်ဆောက်ပြီးသွားပါပြီ။ ဥပဒေအကြံပေးတောင်းရာမှာ ပြန်မကျသေးတဲ့အတွက် ရမန်ထပ်ယူတာပါ။ ဒါပြီးရင်တော့ တရားစွဲတင်မှာပါ”ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

ရွာငံမြို့နယ် နာဘမ်းကြီးကျေးရွာမှ အိမ်အကူ မနန်းမေဇင်ဦးကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သူ အိမ်ရှင်ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်က ၂၀၁၀ ပြည့်နှစ်တွင် အက်စစ်ဖြင့်ပက်ခဲ့သဖြင့် မျက်စိတစ်ဖက်ကွယ်ခြင်း၊ ဘယ်ဘက်ဦးခေါင်းတစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများရခြင်း၊ ဘယ်လက်ကွေးဆန့်၍ မရခြင်းများဖြစ်ခဲ့ပြီး အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ကာ ဒဏ်ရာသက်သာလာချိန်တွင် အိမ်အလုပ်များခိုင်းစေခံခဲ့ရာမှ မနန်းမေဇင်ဦးသည် မတ်လ ၁ ရက်နေ့က ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်ကြောင်း မန္တလေးတိုင်း အမျိုးသမီးရေးရာအဖွဲ့ထံမှ သိရသည်။

ယင်းသို့ မနန်းမေဇင်ဦးကို လုပ်အားခမပေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင်ဒေါ်မိုးမိုးတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ကာ အောင်ပင်လယ် နယ်မြေရဲစခန်းက (ပ)၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့်လည်းကောင်း၊ နှိပ်စက်ခံရသူ မနန်းမေဇင်ဦး၏ တိုင်ကြားချက်အရ ဒေါ်နီနီနုနွယ်နှင့် ၎င်း၏ခင်ပွန်း ဦးသူရ၊ ဒေါ်မိုးမိုးတို့ကို (ပ) ၁၀၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၆/၃၄၄/ ၁၁၄ တို့အရဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အောင်ပင်လယ် နယ်မြေရဲစခန်းထံမှ သိရသည်။

အမှုဖွင့်ခံထားရသူသုံးဦးအနက် ဦးသူရမှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ ထပ်မံသိရသည်။ 

မနန်းမေဇင်ဦးသည် ၂၀၀၈ ခုနှစ်ကစ၍ ဒေါ်မိုးမိုး၏ စတိုးဆိုင်တွင် တစ်လလျှင် တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်နေခဲ့သူဖြစ်ပြီး စတိုးဆိုင်တွင် နှစ်လခန့်သာ အလုပ်လုပ်ကိုင်ခဲ့ရာမှ ဆိုင်ပိတ်လိုက်သည့်အတွက် ၎င်းတို့အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ 

M-04



FOLLOW US