News

POST TAGGED AS

အိမ်အကူ

လပွတ္တာတွင် အချုပ်ခန်းတွင်း ညှဉ်းပန်းမှု ရဲသုံးဦးကို ဖမ်းဆီးစစ်ဆေး
ပုသိမ်၊ မတ် ၂၆

ခိုးမှုဖြင့် သံသယရှိသူနှစ်ဦးကို ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ပြင်စလူ တိုက်နယ် ပိုးလောင်းရဲကင်းစခန်း အချုပ်တွင် ရဲတပ်ဖွဲ့ဝင်အချို့က နည်းအမျိုးမျိုးဖြင့် နှိပ်စက်စစ်ဆေးသဖြင့် မတ်လ ၂၆ ရက် နံနက်ပိုင်းက ကျူးလွန်သူ ရဲသုံးဦးကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

သံသယရှိသူများကို စစ်ဆေးရာတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် ၎င်းတို့ကို ကြီးကြပ်ရန် တာဝန်ရှိသည့် စခန်းမှူးနှင့် မြို့နယ်မှူးများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ပြည်သူကို နှိပ်စက်ညှင်းပန်းမှုဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမှာပါ” ၎င်းက ဆိုသည်။ 

ပြင်စလူနယ်မြေရဲစခန်းတွင် သိန်း ၄၀၀ ကျော် ပျောက်ဆုံးမှုဖြင့် သံသယရှိသည့် ဒေါင်ချောင်းကျေးရွာနေ ဒေသခံများကို ခေါ်ယူစစ်ဆေးပြီးနောက် ဦးခင်မောင်လတ် (၃၆ နှစ်) နှင့် ကိုစိုးမြင့်အောင် (၂၆ နှစ်) တို့ကို ရဲတပ်ဖွဲ့ဝင်သုံးဦးက လက်ထိတ်နောက်ပြန်ခတ်ကာ ရိုက်နှက်ကန်ကျောက်ခြင်း၊ ထုတ်တန်းတွဲ တန်းလန်းဆွဲခြင်း၊ ပါးကို အကြိမ်များစွာ ရိုက်နှက်ခြင်း၊ ထိတ်တုံးခတ်ကာ အမျိုးသား၏အင်္ဂါကို ကြိုးချီနှိပ်စက်ခြင်း၊ ပလတ်စတစ် နိုင်လွန်ကြိုးကို မီးရှို့ကာချက်အောက်ပိုင်းနှင့် ပေါင်တို့ကို ကော်ရည်ပူအစက်ချခြင်းနှင့် ပလတ်စတစ်ကော်ဗူးများကို မီးရှို့ကာ ယောကျာ်းအင်္ဂါနှင့် ပေါင်များပေါ် အစက်ချခဲ့ကြောင်း၊ နှိပ်စက်ခံရသူ တစ်ဦးဖြစ်သည့် ဦးခင်မောင်လတ်က ပြောသည်။

အဆိုပါ နှိပ်စက်ခံရသူနှစ်ဦးမှာ မျက်နှာတွင်ဖူးရောင်ခြင်း၊ ကျောကုန်းနှင့် ရင်ဘတ်တို့တွင် နာကျင်ဒဏ်ရာနှင့် ချက်အောက်ပိုင်းတို့တွင် အပူလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မတ်လ ၂၂ ရက်နေ့မှစ၍ လက်ရှိအထိ ၃ မိုင်မြို့သစ်ဆေးရုံတွင် ဆေးကုသနေရကြောင်း ကိုစိုးမြတ်အောင်၏ မိခင်ဒေါ်ဌေးက ပြောသည်။ 

ဖေဖော်ဝါရီလ ၂၁ ရက်က ဦးခင်မောင်လတ်ကို ခိုးမှုယူနှင့် မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်ပတ်အကြာမှစတင်ကာ နှိပ်စက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုဒဏ်ကို မခံနိုင်၍ လိမ်လည်ဝန်ခံခဲ့ပြီး အိမ်တွင် ပစ္စည်းဖွက်ထားသည်ဟု ပြောခဲ့ကြောင်း၊ ယင်းနောက် အခြားပါဝင်သူများ ရှိသည်ဟုဆိုကာ ထပ်မံနှိပ်စက်သဖြင့် ကိုစိုးမြတ်အောင်ပါသည်ဟု ဦးခင်မောင်လတ်က လိမ်လည်ထွက်ဆိုခဲ့ကြောင်း၊ ယင်းနောက် ကိုစိုးမြတ်အောင်ကိုလည်း ထပ်မံဖမ်းဆီးကာ နှိပ်စက်၍ ဝန်ခံခိုင်းကြောင်း ဦးခင်မောင်လတ်က ပြောသည်။ 

မတ်လ ၂၁ ရက်တွင် အိမ်မှပစ္စည်းများ ထုတ်ပေးရန် ခေါ်လာချိန်တွင် ရာအိမ်မှူးများကို ရဲများအလစ်တွင် နှိပ်စက်ခံထားရသော ဒဏ်ရာများကိုပြကာ ဓာတ်ပုံရိုက်စေခဲ့ကြောင်း၊ ယင်းနောက် ရွာကျောင်းဆရာတော် ဦးပဏ္ဏဝကသိပြီး မတ်လ ၂၂ ရက်တွင် အာမခံဖြင့် ရဲကဦးခင်မောင်လတ်ကို လွှတ်ပေးခဲ့ကြောင်း၊ မတ်လ ၂၁ ရက်တွင် ကိုစိုးမြတ်အောင်မှာ အချုပ်ခန်းမှ ထွက်ပြေးလာသော်လည်း ဘုန်းကြီးကအာမခံသဖြင့် မဖမ်းတော့ဘဲ လွှတ်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ မတရားနှိပ်စက်တဲ့အတွက် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်”၎င်းက ပြောဆိုသည်။ 

ရဲတပ်ဖွဲ့အနေဖြင့် ယခုဖြစ်စဉ်ကို အမှန်အတိုင်းဖြစ်ရေး၊ ပြတ်သားစွာ အရေးယူဆောင်ရွက်စေလိုကြောင်း၊ ယင်းအပြင် နှိပ်စက်ခံရသူနှစ်ဦး၏ လူမှုရေးနစ်နာမှုများကို ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း လူအခွင့်ရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး (အဖွဲ့ဝင်) ဦးဇော်ရမ်းက ပြောကြားသည်။ 

နှိပ်စက်ခံသူနှစ်ဦး၏ တိုင်ကြားချက်အရ ပိုးလောင်းရဲကင်းစခန်းမှ ရဲဒုတပ်ကြပ် ပြည့်ဘိုဘိုမင်း ရဲတပ်တပ်သား ဖြိုးမင်းအောင်နှင့် ရဲတပ်သား သူရိန်ဦးတို့ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် လပွတ္တာမြို့မရဲစခန်းမှ အရေးယူကာ စစ်ဆေးဆောင်ရွက်နေကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးနှိပ်စက်ညှင်းပန်းမှုနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း၊ ယင်းသို့စစ်ဆေးနိုင်ရန် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ အကြောင်းကြားထားပြီးကြောင်း၊ စစ်ဆေးပြီးလျှင် ကျူးလွန်သည်မှာ မှန်ကန်ပါက ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

R-11,R-12,J-18




FOLLOW US