News

POST TAGGED AS

အိမ်အကူ

ကရင်အမျိုးသမီးငယ် သေဆုံးမှု ပြန်စစ်ဆေးရန် တင်ပြမှု ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန လက်ခံ
ရန်ကုန်၊ ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်ခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသူ အသက် ၁၆ နှစ်ရှိ ကရင်အမျိုးသမီးငယ်၏ အမှုကို ပြန်စစ်ဆေးနိုင်ရန် ထိုင်းအာဏာပိုင်များထံ တင်ပြခဲ့ရာ ထိုင်းနိုင်ငံ၏ အထူ စုံစမ်းစစ်ဆေးရေးဌာန DSI (Department of Special Investigation) က ပြန်လည်စစ်ဆေးရန် လက်ခံခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အဆိုပါဌာနက မြန်မာအလုပ်သမား သံအရာရှိများ၊ သေဆုံးသူ၏ မိခင်နှင့်အစ်မတို့ကို တွေ့ဆုံမေးမြန်းပြီး မြန်မာဘက်က တင်ပြသည့်အချက်များမှာ မှန်ကန်မှုရှိသဖြင့် အဆိုပါဌာန နိုင်ငံခြားမှုခင်း စစ်ဆေးရေးအဖွဲ့က ယခုကဲ့သို့ စစ်ဆေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“အခုချိန်က အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ မနေ့က ကောင်မလေးရဲ့ အမေနဲ့အစ်မကို ည ၁၁ နာရီလောက်ထိ စစ်ဆေးမေးမြန်းတယ်။ ခုကိစ္စက ဥပဒေရေးရာ ကျွမ်းတဲ့သူတွေက လုပ်ထားတာဖြစ်လို့ သေချာပြန်စစ်တာ လုပ်မယ်လို့ အဲဒီဌာနက ကတိပေးတယ်။ အခုလို စစ်ဆေးတာတွေပြီးမှ အမှုပြောင်းဖွင့်၊ မဖွင့်သိရမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့၊ အစိုးရဌာနများကို နိုင်ငံခြားမှုခင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမည့်အပြင် အခင်းဖြစ်နေရာကို စစ်ဆေးခြင်း၊ အလောင်းစစ်ချက် စစ်ဆေးခြင်း စသည်များကို ဆောင်ရွက်မည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်စဉ်ကာလ မြန်မာသံရုံးနှင့် မြန်မာအလုပ်သမားဌာန တာဝန်ရှိသူများ စောင့်ကြည့်ရန် အသိပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသမီးငယ် သေဆုံးမှုတွင် သံသယဖြစ်ဖွယ်ကိစ္စများကို တွေ့ရှိရသည့်အတွက် သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ခင်လုံးနှင့် အစ်မဖြစ်သူ မဖြူဖြူဝင်းတို့က သံသယဖြစ်ဖွယ် အချက် ၂၀ နှင့်အတူ အမှုမှန်ပေါ်ပေါက်ရန်နှင့် ပြန်လည်စစ်ဆေးပေးရန် အာဏာပိုင်များထံ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သူ ကရင်အမျိုးသမီး နော်တာဘလုပ် (ခ) ညိုညိုအေးသည် ထိုင်းနိုင်ငံ ရာ့ခ်ျပူရီခရိုင်၊ ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုး အိမ်ရှင်ထံတွင် အိမ်အကူ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ် လ ၆ ရက် ညက သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ထိုင်းအိမ်ရှင်၏ အခန်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့သေဆုံးပြီး သုံးရက်အကြာတွင် ဂူသွင်းခဲ့ပြီး ထိုင်းနယ်မြေခံရဲတပ်ဖွဲ့က သေကြောင်းကြံစည်မှုဖြင့် အမှုပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

ထိုင်းရောက် မြန်မာအလုပ်သမား အဖွဲ့များနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံးက ယင်းသေဆုံးမှုအတွက် သံသယရှိကြောင်း တင်ပြခဲ့သဖြင့် ထိုင်းနိုင်ငံ မှုခင်းတိုက်ဖျက်ရေး အထူးအဖွဲ့ (CSD) က ဂူသွင်းရုပ်အလောင်းကို နိုဝင်ဘာလ၂ ရက်က ပြန်လည်တူးဖော် စစ်ဆေးခဲ့သည်။ 




FOLLOW US