News

POST TAGGED AS

အိမ်အကူ

20-Dec-2017

အိမ်အကူ
အင်းဝအမှု၏ ဇာတ်သိမ်းခန်း
ရန်ကုန်မြို့လယ်ရှိ နာမည်ကျော် အပ်ချုပ်ဆိုင်တစ်ခုတွင် အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေးနှစ်ဦးကို ငါးနှစ်ကြာ မတရားထိန်းသိမ်း ကျွန်ပြုနှိပ်စက်ခံရမှုကို အနောက်ပိုင်းခရိုင် တရားရုံးတွင် တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းက အမိန့်ချမှတ်ခဲ့သည်။ မိသားစုဝင် ၆ ဦးအနက် ၂ ဦး လွတ်မြောက်သွားသော်လည်း ကျန်သူတို့မှာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံရသည်။ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်လေးဦး နုတ်ထွက်ခဲ့ပြီး တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်ခဲ့သော ယင်းအမှုသည် တရားမျှတစွာ စီရင်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အသက်မပြည့်သူ အိမ်အကူ မိန်းကလေးအချို့သည် ယင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။
အယ်ဒီတာ

ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး ရုံးဆင်းချိန် ကျော်လွန်သွားပြီ ဖြစ်သော်လည်း ယင်းတရားရုံးရှေ့တွင် သတင်းမီဒီယာသမားများက သတင်းရယူရန် သားအဖနှစ်ဦးကို စောင့်မျှော်လျက်ရှိသည်။

အဆိုပါ သားအဖနှစ်ဦးမှာ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် ဦးကိုလတ်နှင့် ၎င်း၏ သမီးကြီးဖြစ်သူ မသီရိလတ်။

“ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီးထဲကနေ ကျွန်မ လွတ်မြောက်ခဲ့ပါပြီ”

နှစ်ရှည် ထောင်ဒဏ်များ ကျစေနိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရပြီးနောက် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သူ မသီရိလတ်က မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်း၏ စိတ်ခံစားချက်ကို ပေါ်လွင်စေမည့် အထက်ပါစကားကို ပြောကြားလိုက်သည်။

“အဖေနဲ့ ကျွန်မ လွတ်မြောက်ခဲ့ပေမယ့် မပျော်နိုင်ပါဘူး။ အထဲမှာ ကျန်ခဲ့တဲ့မိသားစုအတွက် ယူကျုံးမရ ဖြစ်မိတယ်။ ဆီးချိုဝေဒနာ ခံစားနေရရှာတဲ့ အမေဆို ထောင်ထဲမှာ နောက်တစ်နှစ်လောက်တောင် ဆက်နေနိုင်မှာ မဟုတ်ဘူး”ဟု မသီရိလတ်က ဆိုသည်။

အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေး နှစ်ဦးကို နှစ်ရှည်လများ အိမ်တွင်းပိတ်လှောင် နှိပ်စက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်မြို့၊ လမ်း ၄၀ အထက်ဘလောက်ရှိ နာမည်ကြီး အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ခြောက်ဦးကို ယမန်နှစ် အောက်တိုဘာလမှ စတင်ဖမ်းဆီး အရေးယူခဲ့သည်။

နှိပ်စက်ခံရသည့် မိန်းကလေးနှစ်ဦး၏ နေရပ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဘောလုံးကွင်း ကျေးရွာဖြစ်ပြီး ဒေသခံများမှာ ဆင်းရဲချို့တဲ့သူများ ဖြစ်သဖြင့် အများစုက ရန်ကုန်မြို့သို့ အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်ကြသည်။

အိမ်အကူများဖြစ်သည့် အသက် ၁၄ နှစ်အရွယ် မစန်းကေခိုင်နှင့် အသက် ၁၅ နှစ်အရွယ် မသဇင်တို့မှာ အင်းဝအပ်ချုပ်ဆိုင် မိသားစု၏နေအိမ်တွင် နားရက်မရှိ ငါးနှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် ယမန်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မိခင်ရှိရာ ဘောလုံးကွင်း ကျေးရွာသို့ ပြန်လာခွင့်ရခဲ့သည်။

“ကျွန်မကလေးတွေဆီ သွားတိုင်း အိမ်ရှင်တွေက ဟိုသွားတယ်၊ ဒီသွားတယ်ဆိုပြီး ပေးမတွေ့ဘူး။ တစ်ကိုယ်လုံးမှာ ဒဏ်ရာအမာရွတ်တွေ ဗရပွဖြစ်နေတဲ့ သမီးလေး ရွာပြန်လာတော့မှပဲ တွေ့ရတော့တယ်”ဟု မစန်းကေခိုင်၏ မိခင် ဒေါ်ညိုညိုဝင်းက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုက နည်းမျိုးစုံသုံး၍ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အိမ်အကူ မိန်းကလေးနှစ်ဦး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအမာရွတ်များ ဗရပွဖြစ်ခဲ့ပြီး မစန်းကေခိုင်၏ လက်ဆယ်ချောင်းလုံးမှာ ကျိုးခဲ့ရကြောင်း ဆေးစစ်ချက်မှတ်တမ်းများကို မှုခင်းဆရာဝန် ဒေါက်တာ ကျော်ထွန်းအောင်က အနောက်ပိုင်းခရိုင် တရားရုံးထံ တင်ပြခဲ့သည်။

အိမ်အကူနှစ်ဦးကို အင်းဝအပ်ချုပ်ဆိုင် မိသားစုက ရွာပြန်ပါက အိမ်မှငွေနှင့် စိန်ထည်များ ခိုးယူသွားကြောင်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ငါးနှစ်ကြာသည်အထိ မိသားစုရှိရာ ရွာထံသို့ အလည်အပတ်ပင် ပြန်ခွင့်မရခဲ့ကြောင်း မစန်းကေခိုင်က ထွက်ဆိုထားသည်။

အဆိုပါဆိုင်သို့ ဝင်ထွက်သွားလာဖူးသူများထဲမှ တစ်ဦးက မိန်းကလေးများ နေ့စဉ် နှိပ်စက်ခံရသည့် သတင်းကို ယမန်နှစ် နှစ်လယ်ပိုင်းက Myanmar Now သတင်းအေဂျင်စီသို့ ပြောပြခဲ့သဖြင့် သတင်းထောက်များက သွားရောက်စုံစမ်းလေ့လာခဲ့ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။

ယင်းသို့ အကြောင်းကြားသော်လည်း မထူးခြားလာသဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ စာရေးပြီး အကြောင်းကြားခဲ့ရာ ကော်မရှင်မှ ရဲတပ်ဖွဲ့အား ယင်းအမှုကို စုံစမ်းစစ်ဆေးရန် ဖိအားပေးလာခဲ့သည်။

“အမှုဖွင့် တိုင်ကြားချက်မရှိတော့ ရဲလုပ်ထုံး လုပ်နည်းအရ အတိအကျ ကိုင်တွယ်စစ်ဆေးဖို့ မလွယ်ဘူး။ စခန်းမှာ ကလေးတွေကို မေးနေတဲ့အချိန် အနားမှာ အိမ်ရှင်တွေကရှိတော့ ကလေးတွေက အမှန်အတိုင်း မဖြေရဲရှာဘူး”ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအေးက ပြောသည်။

ရဲတပ်ဖွဲ့မှ အိမ်အကူမိန်းကလေး နှစ်ဦးကို စစ် ဆေးမေးမြန်းထားသည့် အစီရင်ခံစာ ၂၁ မျက်နှာကို လူ့အခွင့်အရေး ကော်မရှင်ထံသို့ တင်ပြခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အင်းဝ အပ်ချုပ်ဆိုင်မှ အိမ်အကူနှစ်ဦးကို ၎င်းတို့၏ မိဘများ ထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားသည့် အစီရင်ခံစာ ၂၁ မျက်နှာတွင် “မသဇင်နှင့် မစန်းကေခိုင်တို့မှာ မိဘများနှင့်အတူ ပြန်လည်လိုက်ပါ နေထိုင်လိုသော်လည်း အိမ်ရှင်များက ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့သောကြောင့် အိမ်ရှင်များ ဖြေကြားခိုင်းသည့် အတိုင်းသာ ပြောဆိုခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ အိမ်အကူများ၏ မိဘများမှာလည်း ပညာမတတ် ဆင်းရဲသူများဖြစ်သဖြင့် ဘဝရပ်တည်ရန် ခက်ခဲသော အခြေအနေတို့ကို အလွဲသုံးစားလုပ်ကာ ထိုမိန်းကလေးနှစ်ဦးကို နေအိမ်တွင် လက်ခံထားပြီး လုပ်အားခငွေ အနည်းငယ်သာပေး၍ အိမ်အကူအဖြစ် ခိုင်းစေခဲ့ကြောင်း၊ နောက်ပိုင်းတွင် လစာမပေးတော့ဘဲ ထိခိုက်ဒဏ်ရာရစေသည့်အထိ ရိုက်နှက်နှိပ်စက်ကာ လုပ်အားများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး နေအိမ်တွင် ကျွန်သာသာအဖြစ် လက်ခံထားရှိကြောင်း” ဖော်ပြထားသည်။

အစီရင်ခံစာတွင် အမှုဖွင့်အရေးယူသင့်ကြောင်း အကြံပြုထားသော်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုနှင့် ညှဉ်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးငယ်၊ ၎င်းတို့၏ အုပ်ထိန်းသူများနှင့် Myanmar Now သတင်းအေဂျင်စီမှ ကိုဆွေဝင်းတို့ကို ဖိတ်ကြားပြီး စေ့စပ်ညှိနှိုင်းရေး အသွင်ဆောင်သည့် ဆွေးနွေးမှုပြုလုပ်ကာ လျော်ကြေးဖြင့် ကျေအေးလာစေရန် ဆောင်ရွက်ခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသော လက်ဆယ်ချောင်းကျိုးခဲ့သည့် အိမ်အကူ မစန်းကေခိုင်အတွက် နစ်နာကြေးငွေ ကျပ်သိန်း ၄၀ နှင့် အိမ်အကူ မသဇင်အတွက် နစ်နာကြေးငွေ ကျပ် ၁၀ သိန်းကို အင်းဝအပ်ချုပ်ဆိုင် မိသားစုဘက်မှ ပေးချေစေရန် စေ့စပ်ညှိနှိုင်းပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် အစိုးရကို တိုက်တွန်းခဲ့ကြသည်။

နိုင်ငံတော်သမ္မတ၏ အမိန့်စာဖြင့် နုတ်ထွက်ခွင့်ပြုလိုက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်လေးဦးက ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းတို့၏ နုတ်ထွက်ရေး ဆုံးဖြတ်ချက်မှာ ကိုယ်ပိုင်သဘောဆန္ဒအရသာ ဖြစ်ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။

မိန်းကလေးငယ်နှစ်ဦး လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် ပတ်သက်၍ ယင်းအမှုကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦးကို တရားစွဲဆို စစ်ဆေးခဲ့သည်။

လူကုန်ကူးမှု၊ နာကျင်စေမှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားတားဆီး ပိတ်လှောင်မှုတို့ဖြင့် တရားစွဲဆိုခံရသော အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦး၏ အမှုကို တရားသူကြီး နှစ်ဆက်စစ်ဆေးခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အပြီးသတ်အမိန့်ကို ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းက ချမှတ်ခဲ့သည်။

လူအများ စိတ်ဝင်စားသည့် အဆိုပါအမှု အပြီးသတ် အမိန့်ချမည့်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးအတွင်း သတင်းဌာနပေါင်းစုံမှ မီဒီယာများ လာရောက်သတင်းယူကြသဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခဲ့ရသည်။

အနောက်ပိုင်းခရိုင် တရားရုံး ပထမထပ်ရှိ ခရိုင်တရားသူကြီး၏ ရုံးခန်းထဲတွင် လာရောက်ကြားနာသူ၊ သတင်းမီဒီယာနှင့် ရဲတပ်ဖွဲ့ဝင်များ ပြည့်နှက်လျက်ရှိပြီး ဆီးချိုဝေဒနာခံစားနေရသူ တရားခံ ဒေါ်တင်သူဇာမှာ တရားခွင်သို့ ဝှီးချဲဖြင့်တက်ရောက်၍ အမိန့်နာခံခဲ့ရသည်။

တစ်နှစ်ကျော်ကြာ စစ်ဆေးထားသည့် အချက်အလက်များကို ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းက အချိန်အတော်ကြာ ဖတ်ကြားပေးခဲ့ပြီးနောက် “အမိန့်”ဟု ဆိုလိုက်ချိန်တွင် တရားခွင်တစ်ခုလုံး ငြိမ်သက်သွားရသည်။

လူကုန်ကူးမှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားသဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ ၎င်း၏ သားဖြစ်သူ တင်မင်းလတ်၊ သမီးဖြစ်သူ မစုမွန်လတ်နှင့် သမက်ဖြစ်သူ ရာဇာထွန်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ချိန် တရားခွင်အတွင်း “ဟာ ဟင်” အသံများဖြင့် ဆူညံသွားသည်။

ဒေါ်တင်သူဇာနှင့် မစုမွန်လတ်တို့ နှစ်ဦးမှာ လူကုန်ကူးမှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ ထိခိုက်နာကျင်စေမှုနှင့် မတရား တားဆီးပိတ်လှောင်တို့ဖြင့် ထောင်ဒဏ် ၁၆ နှစ်နှင့် တစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခံရပြီး တင်မင်းလတ်မှာ ထောင်ဒဏ် ၉ နှစ်နှင့် တစ်လ၊ ရာဇာထွန်းမှာ ထောင်ဒဏ် ၁၃ နှစ်နှင့် တစ်လ ကျခံစေရန် ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းက အမိန့်ချမှတ်လိုက်သည်။

တရားစွဲဆိုရာတွင် ပါဝင်ခဲ့သော ဒေါ်တင်သူဇာ၏ ခင်ပွန်း ဦးကိုလတ်နှင့် သမီးကြီး မသီရိလတ်တို့မှာမူ ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်သဖြင့် အမှုမှကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရခဲ့သည်။

“တရားရုံးဆိုတာ အခုမှရောက်ဖူးတာ။ အမှုအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှနားမလည်ဘူး။ ဒီနေ့ ဒီရက် ထောင်မှာ သွားနေရမယ်ဆိုတဲ့ ကံပါလာလို့ပါ။ ဒါ ကျွန်တော့်ကံတရားလို့ပဲ ယူဆတယ်”ဟု တစ်နှစ်ကျော်ကြာ အင်းစိန် အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံရသူ ဦးကိုလတ်က ပြောသည်။

လွတ်မြောက်ခွင့် ရခဲ့သော်လည်း ဦးကိုလတ်နှင့် သမီးဖြစ်သူ မသီရိလတ်တို့ခမျာ မပျော်နိုင်ရှာ။ ထောင်သို့ ရဲကားဖြင့် ပြန်ခေါ်သွားသည့် မိသားစုဝင်လေးဦးအတွက် ၎င်းတို့နှစ်ဦး ယူကျုံးမရ ခံစားနေရရှာသည်ကို မျက်ဝန်းမှ မျက်ရည်များက ဖော်ပြနေရှာသည်။

လက်ချောင်းများကျိုး၍ လှုပ်မရနိုင်တော့သည့် အိမ်အကူ မစန်းကေခိုင်မှာ အရိုးအထူးကု ဆရာဝန်ကြီး၏ ခွဲစိတ်ကုသပေးမှုကြောင့် ယခုအချိန်တွင် စာရေးနိုင်၊ ပန်းချီဆွဲနိုင်နေပြီ ဖြစ်သည်။

“ကလေးရဲ့ လက်က အလုံးစုံကြီး နဂိုအတိုင်း ပြန်ကောင်းမလာသေးဘူး။ နှစ်ရှည် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရရှာတဲ့ ကလေးနှစ်ယောက်ကို စိတ်ရောဂါ ကုသမှုတွေ ပေးခဲ့ရတယ်။ အခု သူတို့နှစ်ယောက်စလုံး စက်ချုပ်ပညာ သင်ကြားပေးထားတယ်။ လူ့အသုံးအဆောင်ပစ္စည်းတွေကို အခုဆို ကလေးနှစ်ယောက်က လုပ်တတ်နေပြီ”ဟု အမျိုးသမီး အသက်မွေးပညာကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဥပဒေသမားတစ်ယောက်ရဲ့ အမြင်နဲ့ ပြောရမယ်ဆို ဒီအမှုက မျှတတဲ့ စီရင်ချက်ကြီးတစ်ခုပါ။ အရပ်ဘက် အမြင်ကျတော့ ဆန္ဒစွဲတွေ ပါတာပေါ့နော်။ အချို့ကျတော့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကလေးတွေအပေါ် သနားကရုဏာစိတ်တွေ ဖြစ်မိကြတော့ ပြစ်ဒဏ်ကျမယ့် သူတွေအပေါ် လွန်လွန်ကဲကဲ ပြစ်ဒဏ်မျိုး ချမှတ်စေချင်ကြတာပေါ့နော်။ သို့သော် တရားရုံးတွေက စီရင်တဲ့အခါကျတာ့ ရုံးရှေ့မှာ ပေါ်ပေါက်တဲ့ သက်သေတွေ သက်သေခံ အထောက်အထားတွေ ဒီအပေါ်မှာ မူတည်ပြီးတော့ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ သင့်လျော်သလို စီရင်ချက် ချမှတ်ရတယ်။ အခု ချမှတ်လိုက်တဲ့ စီရင်ချက်က မျှတပါတယ်”ဟု အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်းခဲ့သူ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောသည်။ 

“တရားဥပဒေအတိုင်း အမှုရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မိတယ်။ တရားသူကြီးက အပြစ်မရှိဘူးဆိုပြီး လွှတ်လိုက်တဲ့ နှစ်ယောက်အတွက်လည်း ကျေနပ်တယ်။ အမျက်ဒေါသစိတ်နဲ့ အကုန်လုံးအပေါ် အပြစ်ရှိရှိ မရှိရှိ အပြစ်ပေးမယ်ဆိုတာမျိုးတော့ လက်မခံဘူး။ ပြစ်ဒဏ်တွေ အနည်းအများအလိုက် ကွဲပြားနေတဲ့အပေါ် ပိုလို့တောင် ကျေနပ်မိပါတယ်။ တရားရုံးရဲ့ စီရင်ချက်ကို သဘောကျမိပေမယ့် သဘောမကျနိုင်တာတစ်ခုက အာဏာပိုင်တွေအနေနဲ့ အခုလိုမျိုး ဟိုးလေး တကျော်ကျော်ဖြစ်သွားတဲ့ ဒီအမှုမျိုးမှ လုပ်ကိုင်ဆောင်ရွက်တာမျိုးကို ကျွန်တော် သဘောမကျဘူး။ ဟိုးလေး တကျော်ကျော်ပဲဖြစ်စေ၊ သိုသိုသိပ်သိပ်ပဲဖြစ်စေ တိုင်ကြားလာတဲ့အပေါ် ထိထိရောက်ရောက်နဲ့ အရေးယူပေးစေချင်တယ်။ နောက်တစ်ချက်က အိမ်အကူတွေနဲ့ ပတ်သက်ပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းတစ်ခုကို ပေါ်ထွက်လာစေချင်တယ်။ ဒါမှ အိမ်အကူတွေဘဝက လုံခြုံမှုရှိမှာ”ဟု အမှုကို စတင် စုံစမ်းဖော်ထုတ်ရေးသားခဲ့သူ Myanmar Now သတင်းအေဂျင်စီမှ ကိုဆွေဝင်းက မှတ်ချက်ပေးသည်။                        

ခိုင်စိုးလင်း

  • VIA


FOLLOW US