News

POST TAGGED AS

အိမ်အကူ

26-Sep-2017

အိမ်အကူ
အိမ်အကူ မိန်းကလေးနှိပ်စက်မှုဖြင့် အိမ်ရှင်လင်မယားကို အမှုဖွင့်
ရန်ကုန်၊ စက်တင်ဘာ ၂၆

ရွှေပြည်သာမြို့နယ်၊ လှော်ကားတာဆုံအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်လင်မယားက အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့က လှော်ကားနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၅၄/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးမှာ ယင်းမြို့နယ်ရှိ ဇီးကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မိသားစု စီးပွားရေး အခက်အခဲကြောင့် လွန်ခဲ့သည့် ခုနစ်လမှ စတင်ပြီး လှော်ကားတာဆုံအနီး ပြည်တော်သာလမ်းရှိ မြင့်မဟာ စားသောက်ဆိုင်ပိုင်ရှင်၏ နေအိမ်တွင် တစ်လလျှင် ကျပ်နှစ်သောင်းဖြင့် အိမ်အကူ အလုပ် ဝင်လုပ်ကိုင်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ယင်းနောက် မိန်းကလေးမှာ အိမ်အကူအလုပ်များ လုပ်တတ်လာသဖြင့် လစာအား တစ်လလျှင် သုံးသောင်းအထိ တိုးမြှင့်ပေးခဲ့ပြီးနောက် ယခုလ ၂၀ ရက် ညပိုင်းတွင် အိမ်ရှင်လင်မယားက အိမ်အကူ၏ မိခင်ထံ ဖုန်းဆက်ခေါ်၍ နေမကောင်းဖြစ်နေသည့် သမီးဖြစ်သူကို ပြန်ခေါ်သွားရန်နှင့် ဆေးကုသရန် ငွေကျပ် သုံးသောင်းပေးလိုက်ကြောင်း အိမ်အကူ၏မိခင် ဒေါ်မြမြခိုင်က ပြောသည်။

“အိမ်ရှင်က ကလေးကို ပြန်ခေါ်သွား၊ နေကောင်းမှ ပြန်လာပို့ ပြောတော့ ကလေးကြည့်တော့ ခုတင်ပေါ်က မထနိုင်ဘူး၊ ကိုယ်တွေပူပြီး မူးတယ်ပြောတယ်။   ရင်ဘတ်တွေလည်း အောင့်တယ်တဲ့။ အဲဒါနဲ့ ပြန်ခေါ်လာတာ။ ကျွန်မက အဆင်မပြေကြောင်းပြောလို့ အိမ်ရှင်က ဆေးကုဖို့ ပိုက်ဆံသုံးသောင်း ထည့်ပေးလိုက်တယ်။ ပြီးတော့ သမီးဖြစ်သူ ပေါက်ကရတွေပြောရင် မယုံနဲ့လို့ မှာလိုက်သေးတာ”ဟု ဒေါ်မြမြခိုင်က ရှင်းပြသည်။

အိမ်ပြန်ခေါ်လာသည့် မိန်းကလေးမှာ မသက်သာဘဲ စက်တင်ဘာလ ၂၃ ရက်နေ့က ဈေးဝယ်သွားနေသည့် မိခင်ဖြစ်သူကို ထွက်ရှာစဉ် ပြည်တော်သာ ၁ လမ်းထိပ်တွင် မူးလဲကျခဲ့ပြီးနောက် ဆေးကုသမှု ခံယူပြီး ၎င်းကို အိမ်ရှင်လင်မယားက နှိပ်စက်ခဲ့သည်များကို မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့သည်။

အိမ်အလုပ်များ စေခိုင်းရာတွင် အဆင်မပြေသည့်အခါ အိမ်ရှင်လင်မယားက ၎င်း၏ရင်ဝကို ခြေဖြင့်ကန်ခြင်း၊ ဝါယာကြိုးနှင့်ရိုက်ခြင်း၊ ဦးခေါင်းကို ပန်းအိုးဖြင့်ထုခြင်း၊ ဓားပြားဖြင့် လက်ကိုရိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်အကူ မိန်းကလေး၏ ဒဏ်ရာများကို ဆေးစာရယူခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အိမ်ရှင်လင်မယားကို ရွှေပြည်သာမြို့နယ်ရှိ လှော်ကား နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

S-03

  • VIA


FOLLOW US