News

POST TAGGED AS

အိမ်အကူ

10-Sep-2017

အိမ်အကူ
စင်ကာပူပို့ရန် ရန်ကုန်တွင် စုဆောင်းထားသည့် အမျိုးသမီး ၄၀ တွေ့ရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၀

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသမီး ၈ ဦးကို ရှာဖွေရာမှ စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် ပို့ဆောင်ရန် စုဆောင်းထားသည့် အမျိုးသမီး ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်တံတားမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းတစ်ခုတွင် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်မှ အမျိုးသမီး ၈ ဦးကို ပိတ်လှောင်ခံထားရကြောင်း သတင်းအရ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တာဝန်ရှိသူများနှင့်အတူ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၉ ရက် ည ၈ နာရီခန့်က ဝင်ရောက်ရှာ ဖွေစစ်ဆေးရာ ယင်းအမျိုးသမီး ၈ ဦးနှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ အလုပ်သွားလုပ်မည့် အမျိုးသမီး ၄၀ ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးတွေက ဒီမှာနေရတာ အဆင်မပြေလို့ မဏိပူရရဲတပ်ဖွဲ့ကို Viber ကနေ လှမ်းတိုင်တာ၊ မဏိပူရ ရဲတပ်ဖွဲ့ကနေ အိန္ဒိယသံရုံးကို E-mail နဲ့ ပို့တယ်၊ သံရုံးကနေတစ်ဆင့် ရဲစခန်းကို ရောက်လာတာ၊ အဲဒါနဲ့ ပူးပေါင်းအဖွဲ့နဲ့ အတူသွားရောက်စစ်ဆေးခဲ့တာပါ၊ အိန္ဒိယနိုင်ငံက အမျိုးသမီး ၈ ဦးအပြင် အခြားအမျိုးသမီး ၄၀ ပါ ထပ်တွေ့ခဲ့တယ်၊ အခုတော့ အားလုံးကို ရဲစခန်းမှာပဲ ခေါ်ထားတယ်”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းထိန်းသိမ်းထားသည့် တိုက်ခန်းကို မြန်မာကမ္ဘာ့လူအင်အားဆက်သွယ်ရေး (Myanmar Global Manpower Link Co.,Ltd.)ကုမ္ပဏီမှ ငှားရမ်းထားခြင်းဖြစ်ပြီး အမျိုးသမီးများ နေထိုင်စေကာ အင်္ဂလိပ်စကားပြော သင်ကြားပေးနေကြောင်း၊ စုဆောင်းထားသူ မိန်းကလေးများမှာ အသက် ၁၅ နှစ်မှ ၃၇ ကြားရှိပြီး ကုမ္ပဏီအနေနှင့် လူကုန်းကူးခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ မရှိကြောင်း၊ လုပ်ငန်းလိုင်စင်မှာ ၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးသော်လည်း ထပ်မံ သက်တမ်းတိုးထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“အိန္ဒိယနိုင်ငံသူတွေက အသက် ၁၇ နှစ်ကနေ ၂၆ နှစ်ကြားပါ၊ သူတို့က နိုင်ငံကူးလက်မှတ်လည်း မရှိဘူး၊ ဗီဇာလည်း မရှိဘူး၊ တရားမဝင် ရောက်လာတာ၊ ကုမ္ပဏီအနေနဲ့က လူကုန်ကူးတယ်လို့လည်း သတ်မှတ်မရဘူး၊ ဒီမှာလူစုထားတဲ့ သဘောပဲရှိတယ်၊ လိုင်စင်ကလည်း သက်တမ်း တိုးထားတယ်ဆိုတော့ ဘယ်လို အရေးယူ ဆောင်ရွက်ရမလဲဆိုတာ အထက်ကို တင်ပြထားတယ်၊ သက်ဆိုင်ရာ ဌာနတွေကနေ အမှုဖွင့်မှရမှာပါ”ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

J-16

  • VIA


FOLLOW US