News

POST TAGGED AS

အိမ်ရာစီမံကိန်း

ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို တန်ဖိုးနည်းအိမ်ရာ လျှောက်လွှာများ စတင်ရောင်းချ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းကို ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို အများဆုံး ရောင်းချပေးသွားမည်ဖြစ်ပြီး ယင်းတိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၆ ရက်မှစတင်ကာ ရောင်းချနေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။

အဆိုပါတန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ရောင်းချရာတွင် လက်ရှိ ဝင်ငွေနည်းပြည်သူများကို ၃၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများကို ၂၅ ရာခိုင်နှုန်း၊ နိုင်ငံ့ဝန်ထမ်းများကို ၂၅ ရာခိုင်နှုန်းနှင့် အငြိမ်းစား ဝန်ထမ်းများကို ၁၅ ရာခိုင်နှုန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုက်ခန်းလျှောက်ထားသူက အသက် ၂၃ နှစ်ပြည့်ရမယ်။ မိသားစု (အိမ်ထောင်စု ပုံစံ ၆၆/၆) တစ်စုမှာ တစ်ဦးသာ လျှောက်ထားခွင့်ရမယ်။ အိမ်ပိုင်၊ မြေပိုင်မရှိသူ ဖြစ်ရပါမယ်။ တန်ဖိုးနည်းတိုက်ခန်း လျှောက်ထားသူ မိသားစုဝင်ငွေက တစ်လ ကျပ် ၃ သိန်းကနေ ၅ သိန်းကြားနဲ့ တန်ဖိုးသင့် တိုက်ခန်း ဝယ်ယူသူတွေက မိသားစု တစ်လဝင်ငွေက ကျပ် ၅ သိန်းကနေ ကျပ် ၁၂ သိန်းကြား ရှိရမယ်။ ဘဏ်မှာ Down Payment ၂၀ ရာခိုင်နှုန်း မရှိသေးတဲ့သူကိုလည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ မိမိတို့နေထိုင်သည့် မြို့နယ်၏ သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများတွင် လျှောက်လွှာများကို အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ပန်းရောင်ဟူ၍ အရောင်လေးမျိုးခွဲကာ တစ်စောင် တစ်ထောင်ကျပ်နှုန်းဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်မှစတင်ကာ ရောင်းချပေးနေပြီး လျှောက်လွှာများကို မတ်လ ၁၆ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားသည့် မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာများကို ရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချပေးမည့် တိုက်ခန်းဈေးနှုန်းများမှာ တန်ဖိုးနည်းတိုက်ခန်းများကို ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ် သိန်း ၁၃၀ ဝန်းကျင် ဖြင့်လည်းကောင်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ ဖြင့်လည်းကောင်း၊ တိုက်ခန်းများကို ရောင်းချပေးမည် ဖြစ်သည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများ အနေနှင့် ကနဦး ၂၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး ၁၅ နှစ် အရစ်ကျ ပေးချေရမည်ဖြစ်ကြောင်းနှင့် တိုက်ခန်းဝယ်ယူခွင့် ရရှိသွားသူများအနေနှင့် ကနဦး တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်း ငွေပေးသွင်းပြီးပါက နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

တိုက်ခန်း ပိုင်ဆိုင်မှုစာအုပ်ကို ငွေအားလုံး ပေးသွင်းပြီးသည့်အခါမှ ရရှိမည်ဖြစ်ကြောင်းနှင့် ယင်းဝယ်ယူခွင့် ရရှိသည့်အခန်းများကို ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ပါက ပြန်လည် သိမ်းယူသွားမည်ဖြစ်ပြီး ပြန်လည် သိမ်းယူသည့်အချိန်တွင် တိုက်ခန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပြန်လည်နုတ်ယူပြီး ငွေပြန်အမ်းကာ Black List သွင်းသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

J-10



FOLLOW US