News

POST TAGGED AS

အိမ်ရာစီမံကိန်း

နှစ်ရှည် အရစ်ကျအိမ်ရာ ဝယ်ယူနိုင်မည့် အရောင်းစင်တာ တည်ထောင်မည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့တော်တွင် လာရောက်အလုပ်လုပ်ကိုင်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။ 

“နေစရာမရှိတဲ့သူတွေအတွက် အားလုံးဟာ ရန်ကုန်မှာ လာအလုပ်လုပ်ရင် အခန်းရှိနိုင်မယ်ဆိုတဲ့ အခြေအနေမျိုးကိုရောက်အောင် အိမ်ရာရောင်းဝယ်ရေး စင်တာတစ်ခု တည်ထောင်မယ်။ ပြည်သူလူထုတစ်ရပ်လုံးကို ရောင်းပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ အခုချက်ချင်း လက်ငင်းပြီးစီးအောင် ဆောင်ရွက်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ 

အဆိုပါ အိမ်ရာရောင်းဝယ်ရေးစင်တာ တည်ထောင်နိုင်ရန် အစိုးရအဖွဲ့ဝင်များ ပါဝင်သည့် အိမ်ရာကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ယခင်က ဖွင့်လှစ်ခဲ့သည့် အိုးအိမ်ရုံးအောက်နေရာတွင် အိမ်ရာရောင်းဝယ်ရေးစင်တာ တည်ထောင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ 

အိမ်ရာရောင်းဝယ်ရေးစင်တာကို ယခုအစိုးရသက်တမ်းအတွင်း ပြီးစီးအောင် တည်ထောင်သွားမည်ဖြစ်ပြီး စက်မှုဇုန်များရှိ ကျူးကျော်များအတွက်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကာ နှစ်ရှည်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ကုမ္ပဏီ၊ လုပ်ငန်းရှင်များနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

“ကျူးကျော်တွေကို နေရာချထားပေးဖို့ မြေကွက်ရိုက်ပြီး လယ်ကွင်းလိုနေရာမှာ သွားထားလို့လည်း မဖြစ်နိုင်ဘူး။ လူမှုဘဝတွေ အဆင့်မြှင့်တင်နိုင်ဖို့ အစိုးရဘက်က မြေထည့်ဝင်ပြီး လုပ်ငန်းရှင်တွေဘက်က တန်ဖိုးနည်းအိမ်ရာစီမံကိန်းလုပ်ဖို့ စီစဉ်နေပါတယ်။ (ကျပ်) ခုနစ်သောင်း၊ ရှစ်သောင်းလောက် (တစ်လလျှင်) သွင်းပြီး အနှစ် ၂၀ လောက်ကျရင် အိမ်ရာပိုင်ဆိုင်နိုင်မှာပါ”ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောဆိုသည်။

J-11



FOLLOW US