News

POST TAGGED AS

အားကစား

စပါး FC ဘောလုံးကစားသမား ၁၀ ဦးကို ပြိုင်ပွဲဝင်ခွင့် သုံးနှစ်ရပ်ဆိုင်း


ကျိုင်းတုံ၊ ဧပြီ ၂၁
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၌ ဧပြီလ ၁၈ ရက် ညနေပိုင်းက Old Star ဖလား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ဒုတိယပိုင်းတွင် ခိုက်ရန်ဖြစ်ပွားပြီး စည်းကမ်းဖောက်ဖျက်ခဲ့သည့် စပါး FC ဘောလုံးအသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်သည့်အပြင် ကစားသမား ၁၀ ဦးကို ပြိုင်ပွဲဝင်ခွင့် သုံးနှစ်ရပ်ဆိုင်းခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးစိုင်းချစ်အောင်က ပြောကြားသည်။

“တစ်ဖက်အသင်းက အား/ကာသိပ္ပံ တက်နေတဲ့ ကလေးဆို အနင်းခံရလို့ ခြေထောက်အရိုးအက်သွားတယ်။ လူကြီးတွေဖြစ်တဲ့ သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ထိန်းကစားဖို့ ပြောတာကိုတောင် နားမထောင်ကြဘူး။ အောက်ဆိုက်ဘော မပေးလို့ဆိုပြီး ဒိုင်တွေကိုဆဲဆို ပြောဆိုရင်းကနေ ရေသန့်ဘူးတွေနဲ့ပေါက်လို့ Old Star အသင်းဥက္ကဋ္ဌ နှုတ်ခမ်းပေါက်သွားပြီး ချုပ်လိုက်ရတယ်”ဟု ၎င်းက ဆိုသည်။

မြို့နယ်ရှိ အသက် ၂၁ နှစ်အထက် သက်တမ်းလွန် ကစားသမားများ ယှဉ်ပြိုင်နိုင်ရန်အတွက် အသင်းဝင်များ ထည့်ဝင်ထားသည့် လစဉ်ကြေး ကျပ်သုံးထောင်စီဖြင့် လက်ရှိပြိုင်ပွဲကို ပထမဆုံး ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကလေးငယ်များနှင့် ယှဉ်ပြိုင်သည့် ဝါရင့်ကစားသမားများအနေနှင့် လူကြီးများရှေ့တွင် ယခုကဲ့သို့ ခိုက်ရန်ဖြစ်ပွား၍ ရုပ်ပျက်ဆင်းပျက် ပွဲပျက်အောင် ပြုမူခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း Old Star ဘောလုံးအသင်းမှ ပြည်နယ်လက်ရွေးစင် ဂိုးသမားဟောင်း ဦးမောင်မောင်ကြီးက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စပါး FC ဘောလုံးအသင်း အုပ်ချုပ်သူအပါအဝင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် သုံးနှစ်ရပ်ဆိုင်း ပြစ်ဒဏ်ချမှတ်ခံရသည့် ကစားသမားအချို့ကို The Voice က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။ 

ကျိုင်းတုံ Old Star ဘောလုံးအသင်းကို ၂၀၁၆ ခုနှစ်တွင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် ဝန်ကြီးဌာန လက်ရွေးစင် ကစားသမားဟောင်းများဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ပထမဆုံးအကြိမ် ကျင်းပသည့် အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်း ယှဉ်ပြိုင်ပြီး ဧပြီလ ၁၈ ရက်နေ့က စပါး FC အသင်းနှင့် မွန်းစတား FC အသင်းတို့ ကျင်းပသည့် အဖွင့်ပွဲစဉ် ဒုတိယပိုင်းတွင် နှစ်ဂိုးစီ သရေကျနေချိန်၌ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ရန်ရှာခဲ့၍ ပွဲစဉ်ရပ်ဆိုင်းကာ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

R-16




FOLLOW US