News

POST TAGGED AS

အားကစားပညာ

ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းအတွက် ၂၀၁၇ ခုနှစ်တွင် ကျပ်သိန်း ငါးထောင်ကျော်သုံးစွဲ
ရန်ကုန်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် ၂၀၁၇ ခုနှစ် တစ်နှစ်ပတ်လုံးအတွက် ကျပ်သိန်း ငါးထောင်ကျော် သုံးစွဲခဲ့ရကြောင်း ယင်းအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားသည်။ 

အဖွဲ့ချုပ်နှစ်ခုလုံးသည် ၂၀၁၇ ခုနှစ် အတွင်းက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသော်လည်း မြန်မာ့ရိုးရာ ခြင်းလုံးအဖွဲ့ကမူ နိုင်ငံအချို့ကို သရုပ်ပြမှုများ စေလွှတ်ခဲ့သည့်အတွက် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထက် စရိတ် ပိုမိုကုန်ကျခဲ့ကြောင်း ၎င်းကဆိုသည်။ 

“ကျွန်တော်တို့ မနှစ်က တစ်နှစ်လုံး အသုံးစရိတ်က ကျပ်သိန်း ငါးထောင့်ခြောက်ရာကျော်ခဲ့တယ်။ ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ဘက်ကို အခုထက်ပိုပြီး အစိုးရပိုင်းက အားပေးထောက်ပံ့မှုတွေ ပြုလုပ်သင့်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်သည် ၂၀၁၇ ခုနှစ်အတွင်းတွင် ပြည်တွင်းပြိုင်ပွဲများအတွက် ကျပ်သိန်း ၁၈၅၀ ကျော်၊ နိုင်ငံတကာ ပြည်ပ ပြိုင်ပွဲများနှင့် သရုပ်ပြ စေလွှတ်မှုများအတွက် အမေရိကန် ဒေါ်လာတစ်သိန်းသုံးသောင်း၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် ၂၀၁၇ ခုနှစ်အတွင်းတွင် ပြည်တွင်း ပြိုင်ပွဲများအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်၊ နိုင်ငံတကာ ပြည်ပပြိုင်ပွဲများအတွက် အမေရိကန်ဒေါ်လာ ရှစ်သောင်းကျော် ကုန်ကျခဲ့သည်ဟု ယင်းအဖွဲ့ချုပ်၏ စာရင်းများအရ သိရှိရသည်။ 

သို့သော်လည်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့သည် ယခု ၂၀၁၈ ခုနှစ်တွင်လည်း အသုံးစရိတ်ကို လျှော့ချမည်မဟုတ်ဘဲ လက်ရှိထက် ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်သည် လက်ရှိ ၂၀၁၈ ခုနှစ်တွင် အာရှအဆင့် ပြိုင်ပွဲများ၊ ပြည်တွင်းပြိုင်ပွဲများ ကျင်းပယှဉ်ပြိုင်ခြင်းနှင့် ပြည်ပသို့ စေလွှတ် သရုပ်ပြမှုများကို ထပ်မံ ဆောင်ရွက်မည် ဖြစ်သည့်အပြင် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှာလည်း အာရှအားကစားပြိုင်ပွဲ အပါအဝင် အခြား ဖိတ်ခေါ်ပြိုင်ပွဲများ၊ ပြည်တွင်းပြိုင်ပွဲများကိုလည်း ဆက်တိုက် ကျင်းပမည် ဖြစ်သည်ဟု သိရသည်။ 
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဦးစိုးနိုင်သည် မူလက ခြင်းလုံးအဖွဲ့ချုပ်သာ တာဝန်ယူခဲ့သော်လည်း နောက်ပိုင်းတွင် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်ကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။

J-04



FOLLOW US