News

POST TAGGED AS

အားကစားပညာ

မြန်မာ့လက်ရွေးစင်ကစားသမား ကျော်ကိုကို ကို ချင်းရိုင်အသင်း၏ ကစားသမားအဖြစ် တရားဝင်မိတ်ဆက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ 

မြန်မာ့လက်ရွေးစင်အသင်းတွင် အားထားရသည့် ကစားသမားတစ်ဦးဖြစ်သလို ရန်ကုန်ယူနိုက်တက်အသင်း၏ တိုက်စစ်ကစားသမားလည်းဖြစ်သည့် ကျော်ကိုကိုကို ထိုင်းလိဂ် ၁ ကလပ် ချင်းရိုင် ယူနိုက်တက်အသင်းက ၎င်းတို့အသင်း၏ ကစားသမားအဖြစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တရားဝင်မိတ်ဆက်လိုက်သည်။ 

ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက် အသင်းအနေနှင့် ကျော်ကိုကို ကို ခေါ်ယူရန် သဘောတူညီမှုရရှိအပြီးတွင် ထိုင်းနိုင်ငံသို့ ခေါ်ဆောင်ကာ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်မြင်ခဲ့သည့်အတွက် တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ချင်းရိုင်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့သည့် ကျော်ကိုကို ကို ကြိုဆိုကြောင်း မြန်မာ့လက်ရွေးစင် အသင်းဝတ်စုံဖြင့် အောင်ပွဲခံနေသည့် ကျော်ကိုကို၏ပုံဖြင့် ထိုင်းလိဂ် ၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းက ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 

ချင်းရိုင်ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်ယူနိုက်တက် အသင်းအနေနှင့် ကျော်ကိုကို ကို တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခြင်းဖြစ်ပြီး တစ်လလုပ်ခလစာ အမေရိကန်ဒေါ်လာ ခုနှစ်ထောင်ရရှိမည်ဟု ရန်ကုန်ယူနိုက်တက်အသင်းနှင့် နီးစပ်သူများထံက သိရှိရသည်။ 

ကျော်ကိုကို ကို ခေါ်ယူခဲ့သည့် ထိုင်းလိဂ် ၁ ကလပ် ချင်းရိုင်ယူနိုက်တက် အသင်းသည် ၂၀၁၇ ခုနှစ် ဘောလုံးရာသီတွင် အဆင့်လေးနေရာ ရရှိခဲ့ကာ ထိုင်း FA Cup ပြိုင်ပွဲကို ဗိုလ်စွဲထားခဲ့သည့် အသင်းဖြစ်သည်။ 

မြန်မာကစားသမားများအနက် ကျော်ကိုကိုသည် ထိုင်းပရီးမီးယားလိဂ် (လိဂ် ၁)တွင် ကစားခွင့်ရရှိခဲ့သည့် ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပြီး ပထမကစားသမားမှာ Police Tero အသင်းသို့ ယခုနှစ်တွင် ပြောင်းရွေ့ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူ ဖြစ်သည်။ 

J-04



FOLLOW US