News

POST TAGGED AS

အားကစားပညာ

တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ ကျင်းပမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

နှစ် ၅၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဂေါက်သီးရိုက် အားကစားပြိုင်ပွဲကို ယခုဒီဇင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့ ဒညင်းကုန်း ဂေါက်ကလပ်၌ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဂေါက်သီးရိုက် အားကစားပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီထံမှ သိရှိရသည်။

ယင်းပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်သည့် ကနဦး ခြေလှမ်းလည်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဂေါက်သီးရိုက် အားကစားကို ငွေကြေးပြည့်စုံသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တပ်မတော် အရာရှိများ ကစားလေ့ရှိကြသည်။ ယခုအခါ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများပါ ကစားနိုင်စေရန် ကျင်းပခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

တစ်နိုင်ငံလုံးတွင် အဆင့်မြင့် ပညာဦးစီးဌာနလက်အောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၅၇ ကျောင်းရှိသည်။ ပထမအကြိမ် ပြန်ကစားခြင်းဖြစ်၍ ကျောင်းအားလုံးတွင် ဂေါက်သီးရိုက်အားကစား ကစားနိုင်မည့်သူ ရှိနိုင်မည်မဟုတ်သေးဘဲ ပါဝင်မည့်ကျောင်းစာရင်းကိုလည်း စာရင်းချုပ်နေဆဲဖြစ်ကြောင်း ယင်းကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လာမည့်နှစ် နေပြည်တော်တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပွဲတော်တွင် အာဆီယံဒေသတွင်း နိုင်ငံများ (တီမော အပါအဝင်)မှ ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ခန့် ပါဝင်ကာ ဂေါက်သီးရိုက်၊ ဘောလုံး၊ ဘော်လီဘော၊ ရေကူး၊ ကြက်တောင်ရိုက်စသည့် အားကစား ၁၇ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

၁၈ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ (ASEAN University Games) ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည်။ ယင်းအားကစားပြိုင်ပွဲတွင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၅၂ ဆု၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၃၃ ခုဖြင့် ဒုတိယရရှိခဲ့သည်။ မြန်မာက ငွေတံဆိပ်တစ်ခုသာ ရရှိခဲ့သည်။



FOLLOW US