News

POST TAGGED AS

အားကစားပညာ

21-Sep-2017

အားကစားပညာ
မသန်စွမ်းအားကစားပြိုင်ပွဲဝင် မြန်မာပြေးခုန်ပစ်အဖွဲ့ ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်နှစ်ခုထပ်မံဆွတ်ခူး
ရန်ကုန်၊ စက်တင်ဘာ ၂၁

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် နဝမအကြိမ်မြောက် မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ် အားကစားအဖွဲ့က ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ထပ်မံ ဆွတ်ခူးနိုင်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပသည့်ပြိုင်ပွဲများအနက် တစ်ခုတည်းသော ရွှေတံဆိပ်ကို အမျိုးသားသံလုံးပစ်ပြိုင်ပွဲမှ မြင့်ဆွေက ရယူပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါရွှေတံဆိပ်သည် မြန်မာ မသန်စွမ်း ပြေးခုန်ပစ် အားကစားအဖွဲ့အတွက် တတိယမြောက် ရွှေတံဆိပ်ဆု ဖြစ်လာခဲ့သည်။

ငွေတံဆိပ်ဆုများကို အမျိုးသမီး မီတာ ၄၀ဝ အပြေးပြိုင်ပွဲမှ နန္ဒာလင်း၊ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲဝင် ထက်ထက်အေးတို့က ရယူပေးခဲ့သည်။ 

ယင်းနေ့ကကျင်းပသည့် အားကစားနည်းများအနက် ရေကူးအားကစားနည်း၏ အမျိုးသားမီတာ ၅၀ စိတ်ကြိုက်ကူးပြိုင်ပွဲမှ အောင်ဖုန်းကလည်း ငွေတံဆိပ်တစ်ခု ရယူပေးခဲ့သေးသည်။

လက်ရှိအချိန်တွင် မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၀ ခုအထိ ရယူထားနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့် ခြောက်နေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များကို ရေကူးအဖွဲ့က အများဆုံး ရယူပေးထားခြင်းဖြစ်ပြီး ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် ငါးခု၊ ပြေးခုန်ပစ်အဖွဲ့က ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် လေးခု၊ စစ်တုရင်အဖွဲ့က ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် တစ်ခု၊ အလေးမအဖွဲ့က ငွေတံဆိပ် တစ်ခု ရယူပေးထားသည်။

နဝမအကြိမ်မြောက် မသန်စွမ်း အားကစားပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

J-04



FOLLOW US