News

POST TAGGED AS

အားကစားပညာ

04-Aug-2017

အားကစားပညာ
မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ကေသီနှင့် တွေ့ဆုံခြင်း
မြန်မာမြားပစ်အားကစားအဖွဲ့သည် SEA Gamesပြိုင်ပွဲများ၌ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်လည်း အောင်မြင်မှုများ ရယူနိုင်ရန် ပြင်ဆင်ထားသည်။ အနားယူခဲ့သည့် လက်ရွေးစင် ကစားသမားဟောင်းများနှင့် ကစားသမားသစ်များ ပေါင်းစပ်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းကြောင့် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့မှု၊ မျှော်မှန်းထားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ကေသီနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြားပစ်အားကစားပြိုင်ပွဲကို ကွာလာလမ်ပူမြို့ အမျိုးသား အားကစားစင်တာရှိ စင်တီတစ် မြားပစ်ကွင်း၌ ဩဂုတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခု ချီးမြှင့်မည် ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် Recurve အမျိုးသားကစားသမားများအဖြစ် ထိုက်လင်းဦး၊ ငြိမ်းစည်သူ၊ နေလင်းဦး၊ အမျိုးသမီး ကစားသမားများအဖြစ် စန်းယုထွေး၊ ဇာခြည်ဝင်း၊ သီတာနွယ်တို့ ရွေးချယ်ခံထားရပြီး Compound အမျိုးသား ကစားသမားများအဖြစ် ရဲမင်းဆွေ၊ ရှိန်းထက်ကျော်၊ မြတ်ဇော်ထွန်း၊ ဇင်သူရိန်မှူး၊ အမျိုးသမီး ကစားသမားများအဖြစ် အောင်ငှိမ်း၊ လှလှစံ၊ ယောစိမ်းယ၊ စုစုလှိုင်တို့ ရွေးချယ်ခံခဲ့ရသည်။ မြန်မာမြားပစ်အားကစားအဖွဲ့ ၂၀၁၁ အင်ဒိုနီးရှား SEA Games တွင် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု၊ ၂၀၁၃ မြန်မာ SEA Games တွင် ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု ရယူနိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် စင်ကာပူ SEA Games တွင်မူ ဆုတံဆိပ် ရယူနိုင်ခြင်း မရှိခဲ့ပေ။

Voice။  ။ မလေးရှား SEA Games အတွက် မြန်မာမြားပစ်အဖွဲ့ လေ့ကျင့်မှုတွေ လုပ်တာက။

DKT။  ။ ဟုတ်။ ကျွန်မတို့ မြားပစ်အဖွဲ့ ၂၀၁၅ စင်ကာပူပြိုင်ပွဲ အပြီးမှာ ကစားသမားတွေကို အနားပေးထားပြီးတော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ခုနစ်ဦးနဲ့ စခန်းဝင်တယ်။ မေလရောက်မှ ကစားသမား ၂၉ ဦးနဲ့ လေ့ကျင့်မှုတွေ လုပ်နိုင်ခဲ့တာ။

Voice။  ။ အနားယူသွားကြတဲ့ မအောင်ငှိမ်းတို့ ကိုရဲမင်းဆွေတို့ ပြန်ပါလာတယ် ဆိုတော့ ကစားသမားအင်အား တောင့်တင်းသွားတယ် ဆိုနိုင်မလား။

DKT။  ။ ဟုတ်ပါတယ်။ ကျွန်မတို့ဆီက ဝါရင့်ကစားသမားတွေ အနားယူသွားခဲ့ကြလို့ အစောပိုင်း လေ့ကျင့်မှုတွေမှာ ကစားသမားသစ်တွေနဲ့ လေ့ကျင့်ခဲ့ကြရတယ်။ ဒီမှာက လက်ရွေးစင်ကစားသမားတွေ နည်းနေပြီး လူငယ်ကစားသမားတွေ များနေလို့ သူတို့ကို အဖွဲ့ချုပ်ဘက်က Request လုပ်ခဲ့တယ်။ သူတို့ဘက်ကလည်း ပြန်ကူညီပေးကြတယ်။ အခုတော့ အရင်ကထက်စာရင် အင်အားတောင့်တင်းသွားတာ အမှန်ပါ။

Voice။  ။ သူတို့က အခုပြန်ကစားတာဆိုတော့ လက်ရည်ကောင်းတဲ့ အနေအထား အရင်လို ပြန်ရောက်နေပြီလားဗျ။

DKT။  ။ ကျွန်မတို့အနေနဲ့ လတိုင်း လက်ရည်စစ်ပြိုင်ပွဲတွေ ပုံမှန်လုပ်ပေးပါတယ်။ သူတို့အနေနဲ့ အခုချိန်မှာ အရင်အနေအထား ပြန်ရနေပါပြီ။ SEA Games ဝင်ပြိုင်နိုင်တဲ့ အနေအထားမျိုးမှာ ပြန်ရနေကြပါပြီ။

Voice။  ။ မြန်မာမြားပစ်အဖွဲ့ အနေနဲ့ ဒီနှစ်ယှဉ်ပြိုင်မယ့် အမျိုးအစားတွေကရော။

DKT။  ။ မြားပစ်အားကစားနည်းမှာက Compound နဲ့ Recurve ပဲ ရှိတာဆိုတဲ့ တန်းပြည့်ဝင်ပြိုင်မှာပါ။ တစ်ဦးချင်း၊ အသင်းလိုက်နဲ့ အမျိုးသား၊ အမျိုးသမီးအတွဲ။ ဆိုတော့ အတန်း ၁၀ တန်းပါ။

Voice။  ။ ဒီပြိုင်ပွဲမှာ မြန်မာမြားပစ်အဖွဲ့ အနေနဲ့ ရွှေတံဆိပ် ဘယ်နှစ်ခုရမယ် မှန်းထားသလဲဗျ။

DKT။  ။ ကျွန်မတို့အနေနဲ့ ရွှေတံဆိပ်ရဖို မျှော်မှန်းထားပေမယ့် ဘယ်နှစ်ခုရမယ်လိုတော့ မပြောနိုင်သေးပါဘူး။ မြားပစ်အဖွဲ့ အနေနဲ့ ရွှေတံဆိပ်ရအောင် ယူနိုင်ဖို့တော့ ပစ်မှတ်ထားပါတယ်။

Voice။  ။ ကစားသမားဟောင်းတွေ အနေနဲ့ အခုမှပြန်ပြီး ကစားမှာဖြစ်တဲ့အပြင် အောင်မြင်မှုရဖို့လည်း လုပ်ရမှာဆိုတော့ သူတို့မှာ ဖိအားတွေ ပိုများနေမလား။

DKT။  ။ နိုင်ငံခြားနည်းပြခေါ်ဖို့ အဆင်မပြေခဲ့တော့ သူတို့ပဲနည်းပြ၊ သူတို့ပဲကစားသမားအဖြစ် လေ့ကျင့်ခဲ့ရတာ။ ဆိုတော့ကွာ သူတို့အတွက် တော်တော်လေးတော့ ခက်ခဲမှာပါ။ ဒါပေမဲ့ သူတို့အနေနဲ့ ဒါကိုနားလည်ပြီး လေ့ကျင့်ပြင်ဆင်ပေးနေလို့ ပြိုင်ပွဲမှာ အဆင်ပြေနိုင်မှာပါ။

Voice။  ။ အဓိကပြိုင်ဘက်က ဘယ်နိုင်ငံတွေဖြစ်မလဲ။

DKT။  ။ ဒီပြိုင်ပွဲမှာ အိမ်ရှင်မလေးရှားက အားကောင်းပါတယ်။ သူတို့နိုင်ငံမှာလုပ်တဲ့ ဖိတ်ခေါ်ပွဲမှာလည်း ရွှေတံဆိပ်တွေ ယူနိုင်ခဲ့တယ်။ သူတို့အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကလည်း တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။

Voice။  ။ အရင် SEA Games တွေမှာ ရွှေတံဆိပ်တွေ ရခဲ့ပေမယ့် စင်ကာပူ SEA Games မှာ ဘာဆုမရခဲ့ဘူး။ ဘာတွေအားနည်းခဲ့တာလဲ။ အဲဒီအားနည်းချက်တွေကိုရော ပြင်ဆင်ထားပြီးပြီလား။

DKT။  ။ အဓိကကတော့ သူတို့လေ့ကျင့်ထားတဲ့ စံချိန်တွေ ပြိုင်ပွဲမှာမရတာပါ။ ပြန်ရတော့လည်း တစ်ဖက်ပြိုင်ဘက်တွေက ပိုကောင်းတာနဲ့ တိုက်ဆိုင်သွားတယ်။ ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိစံချိန်အတိုင်းသာ ရခဲ့မယ်ဆိုရင် ဆုတံဆိပ်က လုံးဝမလွဲဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေမများဖို့ အာရုံစိုက်ရပါမယ်။

Voice။  ။ မြန်မာမြားပစ်အဖွဲ့ကို အားပေးကြမယ့် ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

DKT။  ။ ကျွန်မတို့ မြားပစ်အဖွဲ့ အနေနဲ့ မလေးရှား SEA Games မှာ အောင်မြင်မှုရဖို့ ပြင်ဆင်နေပါတယ်။ စင်ကာပူ SEA Games တုန်းက ဘာဆုမှမရခဲ့လို့ ရှက်မိသလို တာဝန်မကျေသလိုလဲ ခံစားခဲ့ကြရတယ်။ အဲဒီအတွက် ဒီနှစ်ပြိုင်ပွဲမှာ အောင်မြင်မှု ပြန်ရဖို့ ဝါရင့်ကစားသမားတွေ ပြန်ခေါ်ပြီး ပြင်ဆင်ထားတယ်။ ဒီနှစ်တော့ အကောင်းဆုံးရလဒ် ရယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။

စည်သူအောင်မျိုးကျော်



FOLLOW US