News

POST TAGGED AS

အာဟာရ

ဂူအောင်း ထိုင်းလူငယ်ဘောလုံးအသင်းမှ ကလေးများ ရှင်ပြု


ဘန်ကောက်၊ ဇူလိုင် ၂၄

ရေလွှမ်းလိုဏ်ဂူအတွင်း ပိတ်မိခဲ့သည့် ဖြစ်စဉ်ကြောင့် ကမ္ဘာကျော်သွားခဲ့သော ထိုင်းလူငယ်ဘောလုံးအသင်းမှ ကလေးငယ်အများစုသည် လွတ်မြောက်လာပြီးနောက် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာ အတိုင်းရှင်ပြုကာ ဒုလ္လဘရှင်သာမဏေအဖြစ် ခံယူခဲ့ကြကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

၎င်းတို့၏ နည်းပြဖြစ်သူမှာလည်း ရဟန်းခံခဲ့သည်ဟု သိရသည်။ ကလေးတစ်ဦးမှာမူ ခရစ်ယာန်ဘာသာဝင်ဖြစ်သောကြောင့် ရှင်ပြုပွဲတွင် မပါဝင်ခဲ့ပေ။

ရှင်ပြုရဟန်းခံကြသူများသည် ကိုးရက်ကြာ သင်္ကန်းဝတ်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က ကလေးများအားလုံး ဆေးရုံးမှဆင်းပြီးနောက် ကံပွင့်ကံမြင့်စေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် မတော်တဆဖြစ်ပြီး ကွယ်လွန်သွားသော ရေငုပ်သမားကိုရည်စူး၍ ယခုကဲ့သို့ ရဟန်းခံရှင်ပြုပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ဘုန်းကြီးကျောင်းမှာခဏနေရမှာပေါ့။ သူတို့အတွက် အကာအကွယ်သဘောပေါ့။ သေရွာပြန်သဘောဖြစ်နေတဲ့ အခါကျတော့လေ”ဟု ကလေးတစ်ဦး၏ အဘိုးဖြစ်သူ ဆီဝါ့ဒ် ဆွမ်ပီယန်ဂျိုင်က BBC သို့ ကလေးများ ပြန်လွတ်လာစဉ်ကတည်းက ပြောကြားခဲ့ဖူးသည်။

ဩဂုတ်လ ၄ ရက်နေ့အထိ ကျောင်းများခွဲ၍ သီတင်းသုံးကြမည်ဖြစ်ပြီး တရားထိုင်၊ ဝတ်တက်၊ ကျောင်းသန့်ရှင်းရေးလုပ်ပြီး ကုသိုလ်ယူကြမည်ဖြစ်သည်။ 

ကိုးရက်သင်္ကန်းဆီးခြင်းမှာ မြန်မာတို့နည်းတူ ကိုးဂဏန်းကို ကံကောင်းစေသော ဂဏန်းအဖြစ် မှတ်ယူကြသော ထိုင်းလူမျိုးများ၏ ကိုးနဝင်းကြေ အစီအရင်ဖြစ်သည်။

ကလေးတစ်ဦးဖြစ်သူ အဒူလ်ဆမ်အွန်မှာ ခရစ်ယာန်ဘာသာဝင်ဖြစ်သောကြောင့် တောဝက်ဘောလုံးအသင်းမှ အခြားအဖွဲ့သားများကဲ့သို့ ကိုရင်မဝတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နည်းပြ အက္ကပိုလ် အကီချန်တာဝေါင်မှာလည်း ကလေးများနှင့် အတူကိုးရက် သင်္ကန်းဆီးမည်ဖြစ်သည်။

နည်းပြဖြစ်သူသည် ယခင်ကလည်း သာမဏေဘဝနှင့် အတန်ကြာနေခဲ့ဖူးသူဖြစ်သည်။ ကလေးများကို အလိုလိုက်ပြီး အန္တရာယ်ကြီးသည့် ဂူအတွင်းပိုင်းအထိ ခေါ်သွားခဲ့ခြင်းအတွက် နည်းပြကို ဝေဖန်မှုများရှိခဲ့သော်လည်း ကလေးများဂူအတွင်း စိတ်ဓာတ်ချောက်ချားမှု မဖြစ်စေရန် တရားထိုင်နည်း သင်ပေးခဲ့ခြင်း၊ အားမကုန်ခန်းစေဘဲ ဂူတွင်းလေကို ဖြစ်နိုင်သမျှ နည်းနည်းသာ သုံးတတ်စေရန် လေ့ကျင့်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ချီးကျူးခံခဲ့ရသူဖြစ်သည်။

F-03



FOLLOW US